ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊

by

in

ဘုတလင်နယ် ကူတော်ရဲစခန်း တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရ၊
ဘုန်းစိုး/MFP၊ စက်တင်ဘာ -၂၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်အုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ရာ နှစ်ဖက် အပြင်းအထန် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု အသေအပျောက် ရှိသလို လေကြောင်း ဗုံးကြဲခံရလို့ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးကာ ရှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာလ ၂၀ရက် မနက်အစောပိုင်းက မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ နဲ့ မိုင် ၃၀ကျော်သာ ကွာဝေးတဲ့ ဘုတလင်နယ် ကူတော်ရွာရဲစခန်းကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ ခုခံခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ ကူတော်ရွာ ရဲစခန်း တိုက်ပွဲအတွင်း စစ်အုပ်စုက ဗုံးကြဲလို့ တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးကာ ရှစ်ဦး ထိခိုက် ဒဏ်ရာ ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“လေကြောင်းက လာပစ်တာက ထိသွားတာ၊ နှစ်ယောက် ကျတယ်၊ ရှစ်ယောက်က မစိုးရိမ်ရ ဒဏ်ရာရတယ်၊ သူတို့ဘက်လည်း အထိနာတာပဲ၊ အထိနာလို့ လေကြောင်းရော၊ ဘုတလင်ကရော စစ်ကူလာတာ”လို့ ဘုတလင်နယ် ရပ်ကျေး ပကဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ကူတော်ကျေးရွာ ရဲစခန်း တိုက်ပွဲအတွင်း ကျဆုံးတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးသလို တိုက်ပွဲအတွင်း စစ်အုပ်စု အသေအပျောက် အခြေအနေကိုလည်း လတ်တလော မသိရသေးပါဘူး။
ဘုတလင်နယ် ကူတော်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်နေချိန် စစ်အုပ်စုက နမခ နဲ့ ဘုတလင် မြို့ပေါ်ကနေ စစ်အုပ်စု အင်အား ၁၀၀ ခန့် စစ်ကူပို့လွှတ်ခဲ့ပြီး အဲ့ဒီ စစ်ကူ စစ်အုပ်စုက လမ်းတလျှောက် ကျေးရွာတွေက ဒေသခံ ပြည်သူ ၃၀ ခန့်ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၀ရက် ညပိုင်းမှာ ဘုတလင်နယ် ကျွဲသေချောင်းရွာကို သေနတ်ပစ်ဖောက် စီးနင်းပြီး ဒေသခံပြည်သူ အသက် ၅၀၀န်းကျင် ကိုမျိုးဦး ဆိုသူကို ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း ထင်တိုင်းကျဲ ဖောက်ထွင်းကာ ဘုန်းကြီးကျောင်းက ဘုရားငွေတွေပါ မကျန် ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွဲသေချောင်း ၀င်တာက လူသတ်သွားယုံတင် မကဘူး ဘုန်းကြီးကျောင်းက ဘုရားငွေတွေပါ ယူသွားတာ၊ တစ်ရွာလုံး အိမ်ပေါက်စေ့ ၀င်မွှေပြီး အင်္ကျီ၊ဖိနပ် အကုန်ယူတာ၊ TVတို့ ဆိုလာပြားတို့၊ တစ်အိမ်ကဆို သားအစ်မိ နှစ်ယောက်လုံး စုဘူးတွေ ပါသွားတာ၊ သူတို့ လိုချင်တာ အကုန် ယူသွားတာပဲ”လို့ ဘုတလင်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ ကျွဲသေချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက ဘုရားငွေ ကျပ် ၁၀သိန်း၀န်းကျင်ကို ဘုရားဆောင်အခန်းက မှန်ဘီရိုကို ရိုက်ဖွင့်ပြီး ဖောက်ထွင်းယူဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘုတလင်နယ် ကျွဲသေချာင်ရွာကို စစ်အုပ်စု စီးနင်းပြီး လူသတ်၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို ဖောက်ထွင်းကာ ခိုးယူ လုယက်ခဲ့စဉ်/Photo – CJ
#Mandalay_Free_Press_MFP

ဘုတလင် ကတိုးရွာကို စစ်အုပ်စု စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့၊
အဖိုးအိုတစ်ဦးနဲ့ ရပ်ကျေး ပကဖ နှစ်ဦးတို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၂၀ ပြာကျ၊
ဘုန်းစိုး/MFP၊ စက်တင်ဘာ – ၂၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်အုပ်စုက စက်တင်ဘာလ ၂၂ရက်မှာ စီးနင်းပြီး အသက် ၇၀ကျော် အဘိုးအိုနဲ့ ရပ်ရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ -ပကဖ အဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း သုံးဦးကို ဖမ်းဆီး သတ်ဖြတ်သလို ရွာကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၀ မီးလောင်ပြာကျတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။
ဘုတလင်နယ် ကူတော်ရွာ ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုနဲ့ပျူ အင်အား ၁၀၀ ခန့်က စက်တင်ဘာလ ၂၂ရက် ညနေပိုင်းနဲ့ ညပိုင်းမှာ တစ်နေ့တည်း ရွာကို နှစ်ကြိမ်စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့တာလို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၂ရက် ညနေပိုင်းမှာ စစ်အုပ်စုနဲ့ပျူတွေက ကတိုးရွာကို ပထမအကြိမ်အဖြစ် သေနတ်ပစ်ခတ် စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း ခိုးယူပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကတိုးကို ၀င်တာ မနေ့က ညနေ ၅နာရီလောက် ၀င်တာ၊ သေနတ်တွေ ရမ်းပစ်ပြီး ၀င်တာ၊ အိမ်တွေလည်း မီးရှို့တယ်၊ ၂၀လောက် ပါသွားတယ်။ နွားတစ်ကောင် ဆွဲသွားတယ်၊ သူတို့က အဲ့ဒီလိုပဲ ဟင်းလုပ်တာ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုဟာ ကတိုးရွာထဲက တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းလုယက်ပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ရုံမက ရိက္ခာအတွက် သတ်စားဖို့ ဒေသခံတောင်သူတွေရဲ့ ခိုင်းနွားတွေကို ဆွဲယူသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ညသန်းခေါင်အချိန် စက်တင်ဘာလ ၂၃ရက် မနက်အစောပိုင်းမှာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ရွာကနေ ပြန်လည် ထွက်ခွာသွားပြီးနောက် ထပ်မံ ပြန်လည်ဝင်ရောက်လာကာ ဒေသခံ သုံးဦးကို ဖမ်းဆီးသတ်ဖြတ်တာလို့ ဆိုပါတယ်။
“ကတိုးကို ညအိပ်ပြီး မနက်ကြ ပြန်ထွက်တယ်၊ ဒါပေမယ့် ဘာမေ့ခဲ့လို့လဲ မသိဘူး၊ ၁၀၀ လောက်ထဲက ၇၀ လောက်က ရွာထဲ ပြန်၀င်လာတာ၊ သူတို့(စစ်အုပ်စု) ထွက်သွားပြီ ဆိုပြီး ရွာထဲ၀င်တဲ့ အထဲက အသက် ၇၀ အဘိုးကြီးနဲ့ ရပ်ကျေးပကဖ နှစ်ယောက်၊ ပေါင်း သုံးယောက်ကို ပစ်သတ်သွားတာ”လို့ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၀င် တစ်ဦးက ပြောပါတယ်။
ဘုတလင်နယ် ကူတော်ရဲစခန်းကို တော်လှန်ရေးတပ်တွေက စက်တင်ဘာလ ၁၉ရက်မှာ တိုက်ခိုက်ခဲ့ရာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲနေ စစ်အုပ်စုက ကူတော်ရွာ ရဲစခန်းဘက် စစ်ကူသွားရင်း လမ်းတလျှောက်က ရွာတွေကို စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့သလို ကူတော်ရွာ ရဲစခန်းအနီးက ကတိုးရွာကိုပါ စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့တာလို့ ဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာလ ၂၀ရက်ကလည်း နမခ ကနေ ကူတော်ရဲစခန်းဘက် သွားတဲ့ စစ်အုပ်စုက ဘုတလင်မြို့နယ် ကျွဲသေချောင်းရွာကို စီးနင်းကာ ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်သလို ကျေးရွာအတွင်း နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူလုယက်ခဲ့ပါတယ်။
ဘုတလင်နယ် ကျွဲသေချာင်ရွာကို စစ်အုပ်စုက စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းခိုးယူ လုယက်ခဲ့မှုနဲ့ စစ်ကိုင်းတိုင်းထဲ လူသတ်၊ လုယက်၊ မီးရှို့မှုတွေ ဦးဆောင်နေတဲ့ စစ်အုပ်စုကို မုံရွာမြို့ပေါ်မှာ တွေ့ရစဉ်/Photo – CJ၊ စစ်အုပ်စု
#Mandalay_Free_Press_MFP