လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်

by

in

လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၁၇ မိနစ်အချိန် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံး ၁ လုံးမှာ လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အမှတ် ၃ အခြေခံပညာ အထက် တန်းကျောင်း ၏ မျက်နှာချင်းဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး အခြားဗုံးတစ်လုံးမှာ ရပ်ကွက် ၁ ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်တွင် ကျရောက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် စစ်ကောင်စီ၏ စတုတ္ထကြိမ်မြောက် လေကြောင်း ဗုံးဈဲတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။
ယခင်စည်ပင်သာယာဌာနရှေ့ လမ်းပေါ်တွင် ကျရောက်သော လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်လုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လမ်းများနှင့် စိမ်းလန်းစိုပြေသည့် စိုက်ပျိုးဇုန်များ ပျက်စီးမှုအမျိုးမျိုး ဖြစ်ပွား စေပြီး ပြည်သူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လူနေအဆောက်အအုံတစ်ခုပေါ် ကျရောက်ခဲ့သော နောက်ထပ်ဗုံးတစ်လုံးမှာ လူနေအဆောက်အအုံနှစ်ခုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း သိရှိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်ပြောဆိုသည်။