ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

by

in

ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ ၂၂၊ ၂၀၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ​စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
စက်တင်ဘာ၁၈ရက်၊ နေ့လည်ဘက်က စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီ ကား ၇စီးထဲက ရှေ့ဆုံး၂စီးကို မုပ္ပလင်နဲ့ အင်္ဂဘိုရွာကြားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နဲ့ အတူ KNU/KNLA နဲ့ သေမင်းတမန် ပူးပေါင်းအဖွဲ့တွေက RPG တွေ၊ ၄၀မမ လက်နက်ကြီးတွေနဲ့ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။
“ရှေ့ဆုံးကား ၂စီးကိုပဲ ပစ်နိုင်ခဲ့တာပါ။ ကားပေါ်ကတော့ ပြန်မပစ်နိုင်ပေမယ့် လမ်းဘေးကင်းပုန်းချထားတဲ့ စခတွေ‌ကတော့ ပြန်ပစ်ပါတယ်ခင်ဗျ။စကစ ကားတန်း သွားလာဖို့ရှိရင် လမ်းပေါ်မှာ ကင်းပုန်းချလေ့ရှိတယ်။ အဲ့ကပစ်တာပါ။ ပစ်လိုက်တဲ့အထဲ ရှေ့ဆုံးကားက ဒရိုင်ဘာကို ကျည်မှန်တော့ ဒရိုက်ဘာ သေပြီး ကားက ဟိုရမ်း ဒီရမ်းနဲ့ သွားတာ လမ်းဘေးက ခရီးသွား ပြည်သူ၂ ယောက်ကိုတောင် ဝင်တိုက်ပါတယ်။ ပြီးတော့မှ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ပြီး ရပ်သွားပါတယ်။ ဒုတိယကားကတော့ မရပ်ပါဘူး။ တစ်ခါတည်း မောင်းပြေးပါတယ်။” လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု( KRF) ရဲ့တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်တဲ့နေရာမှာ အရပ်သားတွေ ထိခိုက်နစ်နာမယ့် ဖောက်ခွဲမှုတွေ၊ ပစ်ခတ်မှုတွေလုပ်ဆောင်တာမျိုးလုံးဝမ​ရှိဘူးလို့လည်း ထုတ်ပြန်ပါတယ်။
ပုံစာ – စစ်ကောင်စီ ယာဉ်တန်းတစ်ခု (ပုံဟောင်း)