သပိတ်ကျင်းနယ် လက်ကျန် စစ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်၊ မိုးကုတ်မြို့နယ် ပကဖ က မဟာမိတ်တွေနဲ့ ပေါင်းပြီး ပါဝင်တိုက်ခိုက်နေ၊

by

in

သပိတ်ကျင်းနယ် လက်ကျန် စစ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်၊
မိုးကုတ်မြို့နယ် ပကဖ က မဟာမိတ်တွေနဲ့ ပေါင်းပြီး ပါဝင်တိုက်ခိုက်နေ၊
တေဇ/MFP ၊ စက်တင်ဘာ – ၂၀.

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက နောက်ဆုံး လက်ကျန် စစ်အုပ်စု တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝိုင်းပတ် ပိတ်ဆို့ထားကာ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ သတင်းတာဝန်ခံက MFP ကို ပြောပါတယ်။
သပိတ်ကျင်းမြို့ကို ဩဂုတ်လကတည်းက တော်လှန်ရေးတပ်တွေက သိမ်းပိုက် ရရှိထားပြီး ဖြစ်ပေမယ့် သပိတ်ကျင်းမြို့နဲ့ ခုနှစ်မိုင်အကွာ၊ ၇မိုင်ရွာမှာ ရှိတဲ့ စစ်အုပ်စုရဲ့ တကက ၁၃ ခေါ် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စခတ-၂ ခေါ် စစ်အခြေခံ လေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီးရွာ နည်းပညာတပ်ခေါ် အမှတ် ၁ သုတေသနတပ် ဆိုတဲ့ တပ်ရင်းနဲ့ ကျောင်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
သပိတ်ကျင်းတနယ်လုံးက ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ပျူတွေ အပါအဝင် စစ်ကူ စစ်အုပ်စုတွေပါ အဲ့ဒီ တပ်စခန်းတွေထဲ စုဝေးခိုအောင်းကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ခုခံနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေက ၇ မိုင်ရွာနဲ့ ကျောက်ကြီးတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်အုပ်စု အသေအပျောက် များကာ လေကြောင်းပစ်ကူ အားကိုးနဲ့ ခုခံနေတာလို့ မိုးကုတ်မြိုနယ် ပကဖ သတင်းတာဝန်ခံ မဟာဆွေက ပြောပါတယ်။
“စခ (စစ်အုပ်စု)တွေ အသေအပျောက်တော့ များတယ်။ သေလိုလည်း သူတို တဖြေးဖြေး နောက်ဆုတ်သွားရတာ။ တချို့ စခတွေဆို အလောင်းတောင် မကောက်နိုင်ဘူး“လို့ မိုးကုတ်မြိုနယ် ပကဖ သတင်းတာဝန်ခံ မဟာဆွေ က ပြောပါတယ်။
စစ်အုပ်စုကတော့ သပိတ်ကျင်းနယ်ထဲက လက်ကျန်စစ်စခန်းတွေ မကျဖို့ လေကြောင်းပစ်ကူ၊ လေကြောင်းသုံးကာ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူချပေးပြီး ခုခံနေတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ရက်မှာ သိမ်းပိုက်ရရှိပြီးနောက် ငါးရက်အကြာ ဩဂုတ်လ ၃၀ရက်မှာ သပိတ်ကျင်းမြို့နဲ့ လေးမိုင်အကွာက လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်း စခန်းနှစ်ခုကို သိမ်းပိုက် ရရှိတယ်လို့ အမှတ်(၁) စစ်ဒေသက သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့ အပါအဝင် မြို့လုံးကျွတ်၊ နယ်လုံးကျွတ် တော်လှန်ရေး တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သပိတ်ကျင်းနယ်ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်တွေ/Photo – မဟာဆွေ – မိုးကုတ်မြို့နယ် ပကဖ
#Mandalay_Free_Press_MFP