ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

by

in

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်
စက်တင်ဘာ ၁၉၊ ၂၀၂၄.

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၇ရက်၊ ညနေပိုင်းနဲ့ ညဘက်တွေမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို Operation Flame Mandalay ရဲဘော်တွေက ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် စစ်ဌာနချုပ်အတွင်း ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်းနဲ့ နန်းတွင်းထဲကို လူနာတင်ကား အဝင်အထွက်တွေလည်း များခဲ့ကြောင်း မြေပြင်သတင်းတွေအရ သိရပါတယ်။
အဲ့ဒီညမှာပဲ ရှော့တိုက်ဒုံးပစ်ခံရတဲ့ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပြီး ရပ်ကွက်တွေထဲ အင်အားသုံး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံသတင်းရင်းမြစ်ဖြစ်တဲ့ MDY Revolution ရဲ့ဖော်ပြချက်အရ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ဘက်ခြမ်းမှာ အိမ်တွေပါတုန်ခါတဲ့အထိ ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရကြောင်းနဲ့ ၆၂လမ်း၊ ၁၁၇လမ်းက ဃ ရပ်ကွက်ရုံးဘက်မှာလည်း သေနတ်သံတွေကြားရကြောင်း၊ ၁၁၇A လမ်း၆၁×၆၂ကြား ရပ်ကွက်မှာလည်း လမ်း‌ပေါ်လာတဲ့ ကားတွေကို တားစစ်တာတွေ၊ အိမ်တွေပေါ်အထိ လူရှာစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
စစ်ဌာနချုပ်ထဲ ရှော့တိုက်ဒုံးပစ်ခတ်မှုကို Operation Flame (OF) Mandalay အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၅ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းပေါ်မှာရှိတဲ့ မြောက်ဥက္ကလာပ ရဲစခန်းကို Operation Flame (OF) Yangon အဖွဲ့တွေက အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီစစ်ဆင်ရေး၂ခုစလုံးကို Operation Flame (OF)ရဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက “ရန်-မန်းစစ်ဆင်ရေး”အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ရန်ကုန် နဲ့ မန္တလေးမှာရှိတဲ့ တော်လှန်ရေး မဟာမိတ်တွေနဲ့ လက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားဖို့ရှိတယ်လို့ Operation Flame (OF) က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်ကလည်း Brave Warriors For Myanmar (BWM) နဲ့ Shadow Mandalay အဖွဲ့တွေက မန္တလေးနန်းတွင်းထဲရှိနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို အလားတူ ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးအပါအဝင် ၇ယောက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။