စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များက စံပြဖြစ်ရမည်ဟုဆိုကာ စာရင်းများကောက်ယူ

by

in

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များက စံပြဖြစ်ရမည်ဟုဆိုကာ စာရင်းများကောက်ယူ
ရန်ကုန်၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းပြဋ္ဌာန်းလုပ်ဆောင်နေသည့် စစ်မှု ထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းရန် ခေါ်ယူပါက တပ်မိသားစုဝင်များအနေဖြင့် စံပြအနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဟုဆိုကာ အရွယ်ရောက်ရှိထားသော အမျိုးသမီးများ စာရင်း ကောက်ယူနေကြောင်း ရန်ကုန်တိုင်းတပ်နယ်မှ တပ်မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဧပြီလမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူ ငယ်များကို စစ်မှုထမ်းရန် ခေါ်ယူခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသမီးများကို ယာယီဆိုင်းငံ့ထားသည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ပြီးစီးပါက အမျိုးသမီးများ စစ်မှုထမ်းရန်မှာလည်း အသက်ဝင်လာရန်ရှိနေသဖြင့် စစ်တပ်အတွင်းထိုသို့ အမျိုးသမီးများ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။
“တပ်ထဲမှာ အသက် ၁၈ ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးတွေ လက်ရှိ စာရင်းပေးခိုင်းတယ်။ စစ်မှုထမ်းခေါ်တဲ့အခါ စံပြအနေနဲ့ တပ်မိသားစုတွေက ပါဝင်ရမယ်ပြောတယ်။ တပ်လိုင်းခန်းက လူတွေ တော်တော်များများပေးရတယ်။ အိမ်ထောင်စုစာရင်းတွေလည်း​ ပေးခိုင်းတယ်” ဟု မှော်ဘီအခြေ စိုက် ခလရ ၉၁ မှ တပ်မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် အမျိုးသမီးကို စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း မကြာခဏဆိုသလို ထုတ်ပြန်ပြောဆိုနေသော်လည်း မြေပြင်တွင်မူ စစ်မှုထမ်းရမည့် အမျိုးသမီးများ စာရင်းဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာများ၊ တပ်နယ်များတွင် ကောက်ယူ စာရင်း ပြုစုနေကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလမှစတင်၍ လစဉ် စစ်မှုထမ်းအပတ်စဉ် စစ်သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယခု စက်တင်ဘာလတွင် စစ်မှုထမ်းအပတ်စဉ် ၅ ကို ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၃ အထိ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များမှာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံခဲ့ရကြောင်း တပ် သားသစ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားကြသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် အမျိုးသမီး စစ်သည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)