စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား

by

in

စစ်ခေါင်းဆောင် စစ်ဆေးရေးဆင်းမည့်နေရာကို ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်သားအချို့ ရေနှင့် မျောပါသွား
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

နေပြည်တော်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပြီးနောက် သွားရောက်ကြည့်ရှုစစ်ဆေးမည့် စစ်ခေါင်း ဆောင်၏ လမ်းကြောင်းကို ကြိုတင်လုံခြုံရေးယူသည့်အဖွဲ့ထဲမှ ရဲနှင့်စစ်သား အချို့ရေနှင့်မျောပါ သွားကြောင်း သိရသည်။
နေပြည်တော် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ ဈေးကုန်း နှင့် ဆင်သေရွာဘက်တွင် စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ကြိုတင်လုံခြုံရေးယူနေသည့် ရဲနှင့်စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သည် စက်တင်ဘာ ၁၃ ရက်နေ့က ရေစီးနှင့် မျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်ခေါင်းဆောင်ရော ဒုချုပ်ရော မြေပြင်ဆင်းပြီး စစ်ဆေးမှာဆိုတော့ လမ်းကြောင်းကြိုချထားတာ။ အဲဒီဘက်တွေက အဲဒီရက်တွေမှာ ရေကတအားတက်နေ၊ စီးနေတုန်း။ လုံခြုံရေးချထားရင်း ရဲနဲ့ စစ်သား ၂၀ လောက် ရေနဲ့မျောပါသွားတာ”ဟု တပ်သတင်းရင်းမြစ်င်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်၏သတင်းများနှင့် စစ်ရေးသုံးသပ်ချက်များ ကိုရေးသားဖော်ထုတ်နေသည့် CDM ဗိုလ်ကြီးဇင်ယော်က “သေဆုံးဆိုတာထက် သေဆုံးဆိုရင် ပိုက်ဆံပေးရမှာ ကြောက်တာကိုး၊ ပေးရမှာ ကြောက်တော့ ပျောက်ဆုံးစာရင်းနဲ့ပဲသွားမှာသေချာပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ကြိုတင်လုံခြုံရေးယူသည့် ရဲနှင့်စစ်ကောင်စီတပ်သားများ ရေစီးနှင့်မျောပါသွားသည့် အခြေအနေကို ဧရာ၀တီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ နေပြည်တော်နယ်မြေရှိ ကျေးရွာများတွင် မိုးများပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်လာ၍ ပြည်သူများပိတ်မိကာ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ပြီး လမ်းတံတား များပြိုကျ ပျက်စီးခဲ့သည်။
ယင်းသို့ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များသို့ ရေကြီးသည့် အခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါရေနစ်မြုပ်မှုများအတွင်း တပ်ကုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ပျဉ်းမနားမြို့နယ်ရှိ စည်ပင်ကြီး၊ ချောင်းကမ်းကြီး၊ ညောင်ပင်ကြီး၊ ရွာသစ်ကြီး၊ ဈေးကုန်း၊ စက်ရုံရွာ၊ နှမ်းတော၊ ဆင်သေရွာ၊ ဇီးဖြူပင်စသည့် ကျေးရွာ တလျှောက် ရေနစ်မြုပ်၍ ယနေ့အချိန်အထိ အကူ အညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
အလားတူ နေပြည်တော်ရေကြီးမှုဖြစ်စဉ်တွင် တပ်ကုန်းမြို့ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁ နှင့် ၄ တွင်လည်း ရေကြီးနစ်မြုပ်၍ မြေပြိုမှုများကြောင့် သေဆုံးပျောက်‌ဆုံးမှုများရှိကာ လက်နက်ထုတ်လုပ်မှုရပ်နားရသည်အထိ ပျက်စီးမှုများရှိကြောင်း သိရသည်။
#နေပြည်တော် #စစ်ခေါင်းဆောင် #လုံခြုံရေး #ရဲ #စစ်သား #ရေမျောပါ #Ayeyarwaddy_Times