တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(INVEST-98W)သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန်မရှိတော့ကြောင်းတွေ့ရ

by

in

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(INVEST-98W)သည် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန်မရှိတော့ကြောင်းတွေ့ရ
စက်တင်ဘာ ၁၇ ရက် နေ့လည် ၂ နာရီ
=====

တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဖိလစ်ပိုင်အမည် GENER(19W)က အခု နေ့လည် ၁ နာရီမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၅၅၇ မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အနောက်ဘက်ကို တနာရီ ၂၈ မိုင်(45 km/h)နှုန်းနဲ့ လျှင်လျှင်မြန်မြန်ရွေ့လျားနေကြောင်း ဖိလစ်ပိုင်မိုးလေဝသဋ္ဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အခုလို အနောက်ဘက်ကို လျှင်လျှင်မြန်မြန် ရွေ့လျားနေတာကြောင့် စက်တင်ဘာလ ၁၉ ရက် နေ့လည်ပိုင်းမှာ ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကိုရောက်ရှိလာမှာဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးမှာ 64knots ရှိလာမှ တိုင်ဖွန်းဖြစ်နိုင်ပြီး အခုလေဖိအားနည်းရပ်ဝန်း 19W – ဖိလစ်ပိုင်အမည် GENER ကတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမြင့်ဆုံးလေတိုက်နှုန်း 33 knots သာရှိနိုင်တာမို့ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ချေက မရှိသလောက်ဖြစ်သွားပြီး မုန်တိုင်းနာမည် SOULIK ဆိုတာလဲ ရမှာ မဟုတ်တော့ကြောင်း တွေ့ရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ချေကို စောင့်ကြည့်လေ့လာပြီး အတည်ပြုဆန်းစစ်ပေးနေတဲ့ Tropical Cyclone Prediction and Verification Center မှလည်း တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်တန်းအဆင့်သို့သာရောက်ရှိနိုင်ကြောင်း ဆန်းစစ်အတည်ပြုထားပါတယ်။ ECMWF, GF နဲ့ ICON model တွေကတော့ အနောက်ဘက်ကို လေဖိအားနည်းရပ်ဝန်း(TD-Tropical Depression)အနေနဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပေးထားကြဆဲဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ … သတင်းကောင်းတခုအနေနဲ့တော့ မုန်တိုင်းအားက YAGI လို CAT-4 တိုင်ဖွန်းမုန်တိုင်းအားဖြစ်လာမှာမဟုတ်တာကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုကလဲ အများကြီးလျော့ကျသွားပါလိမ့်မယ်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(ဖိလစ်ပိုင်အမည် GENER)၏ အားအကောင်းဆုံးဖြစ်နိုင်မည့်အချိန် စက်တင်ဘာ ၁၉ ရက်ညနှင့် ၂၀ ရက် မနက်ပိုင်း လေတိုက်ခတ်နှုန်းအခြေအနေများကိုကြည့်တဲ့အခါ –
မတူညီတဲ့ မော်ဒယ်ခန့်မှန်းချက်များမှာ မတူညီတဲ့ လေတိုက်ခတ်မှုနှုန်းတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်သတ်မှတ်ရန် လုံလောက်တဲ့ လေတိုက်နှုန်း ၆၄ နော်တီကယ်မိုင်(64 knots)နဲ့ နီးစပ်တာ ICON Model ရဲ့ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST WIND)မှာသာ 62 knots ရှိကြောင်းတွေ့ရပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၇ ရက် ဒီနေ့ – ညနေ ၃ နာရီအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များမှာတော့ လေဖိအားနည်းရပ်ဝန်း 19W သည် အပူပိုင်းမုန်တိုင်း(Tripical Storm – TS)အဆင့်အထိသာ အများဆုံးရောက်ရှိနိုင်မှာဖြစ်ကြောင့် ထပ်မံ တင်ပြပေးလိုက်ပါတယ်။
(စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ ၁၀ မိနစ်)