မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား

by

in

မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား
ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး၊ လက်လုပ်ရော့ကတ်ဒုံးများဖြင့် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Chindwin Rocket Brothers -CRB မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့၊ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို “မုံရွာမှာ ပြန်ဆုံမယ်” စစ် ဆင်ရေး အဖြစ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနှင့် လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်တိုင်းရုံးဝန်းအတွင်းရှိ အရာခံအကြပ်ကြီးအရာရှိလူပျိုဆောင်၊ စစ်သည်ရိပ်သာဆောင်ကို ၂ လုံး ထိမှန်ကာ အကြမ်းဖက် စစ် သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“လက်ရှိအတည်ပြုချက်အရ ၇ ယောက်သေပါတယ်။ ဗိုလ်ကြီးအဆင့် ၁ ယောက်၊ အကြပ်အဆင့် ၁ ယောက်နဲ့ အခြားအဆင့်ရိုးရိုးစစ်သည် ၅ ယောက်ပါ။ ကုတင် ၃၀၀ ပေါ်မှာ ဒဏ်ရာရ အရေးပေါ် လူနာတွေလည်း ထပ်ရှိနေပါသေးတယ်။ နေပြည်တော်ကနေ နမခ တိုင်းမှူးကို လှမ်းဆူထားတယ် လို့ ကြားတယ်။ ပြီးတော့ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေက အမှန်တွေချည်းပဲ။ တိကျတဲ့ တပ်တွင်း သတင်းရင်းတွေက နေရတာပါ။ အထဲကလူတွေလုံခြုံရေးအရ လျော့ပြောထားတာပဲရှိပါ တယ်။ ယင်းမာပင်ခရိုင် တပ်ရင်း ၁ က ၁၀၇ မမ ရှောတိုက်ဒုံးတွေရယ်၊ ကျနော်တို့ ချင်းတွင်း ရော့ကတ် ညီနောင်ရဲ့ ရှော့တိုက်ရော့ကတ်တွေရယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု Chindwin Rocket Brothers -CRB မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ တပ်ဝန်းအတွင်းရှိ ၁၂ ခန်းတွဲအနီး ၁ လုံး ၊ ရိက္ခာဖြန့်ဝေဌာန ၁ လုံး ၊ ရဟတ်ယာဥ်ကွင်း သစ်အတွင်း ၁ လုံး၊ မဆရ-၇ (စစ်မြေပြင်ဆေးတပ်ရင်း) ကို ၂ လုံး၊ ထပရ-၉၂၉ (ထောက်ပံ့နှင့် ပို့ ဆောင်ရေး တပ်ရင်း) ကို ၂ လုံး ၊ အဆရ-၁၂ (အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း)ကို ၂ လုံး ၊ လစရ-၆ (လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း)ကို ၁ လုံး ၊ တထခွဲ-၇၆၇ (တပ်ထိန်း) ကို ၂ လုံး ၊ စရဖ(နခ) အဆောက်အအုံကို ၂ လုံး ၊ တိုင်းအားကစားကွင်းရှိ တွဲကားများ ကို ၁ လုံး၊ နမခ တပ်နယ် အရှေ့ ရေအိုးစဥ် ကာကင်းဂိတ်စခန်းကို ၁ လုံး ထိမှန်ကာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအပြီး တပ်နယ်တွင်းမှ သံပြားကာ ကားများဖြင့် သေဆုံးစစ် သားများ၊ ထိခိုက်ဒဏ် ရာ အတို၊ အပြတ်၊ မီး လောင်ဒဏ်ရာရ စစ်သားများကို ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း နမခတပ်ဝန်းအတွင်း၌ အရာရှိနာရေးများ ပြုလုပ်ခဲ့ပြီး စက် တင်ဘာလ ၁၃ ရက်နေ့တွင် နမခ တိုင်းမှူးသန်းထိုက်နှင့်အဖွဲ့က တိုက်ခိုက်ခံရသည့်နေရာမျးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင်တွင်လည်း ကုတင် ၃၀၀ တပ်ဆေးရုံပေါ်၌ ထောက်ပံ့ပို့ဆောင်ရေး တပ် – ထပရ ၉၂၉ တပ်ရင်းမှ ထိခိုက်ဒဏ်ရာရ စစ်သားအချို့ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်၏ စစ်တပ်သတင်းရင်းမြစ်ကမူ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်မှု မှန်ကန်ကြောင်း အတည်ပြုသော်လည်း ထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ မသိရှိရသေးဟု ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) နှင့် အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers၊ မုံရွာမြို့နယ် တိုက်နယ် ၅ စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။