ဆည်တော်ကြီး ရေလှောင်တမံကိစ္စ ပြည်သူတွေ မစိုးရိမ်ဖို့ MDY-PDF အသိပေး၊

by

in

ဆည်တော်ကြီး ရေလှောင်တမံကိစ္စ ပြည်သူတွေ မစိုးရိမ်ဖို့ MDY-PDF အသိပေး၊
ဒေါ်လာ/MFP ၊ စက်တင်ဘာ – ၁၅

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံဟာ ရေပြည့်အမှတ်ရောက်ဖို့ ပေ ၃၀ ကျော် လိုအပ်နေသေးပြီး ဆည်တော်ကြီးတမံကြောင့် ဘေးအန္တရာယ် ဖြစ်မှာကို မစိုးရိမ်ကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF စစ်ဦးစီးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဆည်တော်ကြီး ရေလှောင်တမံ အပါအဝင် မတ္တရာနယ် အရှေ့ခြမ်း ဒေသကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စလို့ MDY-PDF က တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
“မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ရေလှောင်တမံ၏ ကန်ရေပြည့် အမှတ်မှာ (၄၂၀)ပေ ဖြစ်ပြီး ပုံမှန် ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်း လည်ပတ်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက် တိုင်းထွာချက်အရ ဆည်တော်ကြီး ရေလှောင်တမံ၏ လက်ရှိ ကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေဖြင့် ပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရန် စနစ်တကျ စောင့်ကြည့် လည်ပတ်လျက်ရှိကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။
ဆည်တော်ကြီး ရေလှောင်တမံက ရေဟာ မန္တလေးမြို့ ကျုံးထဲအထိ စီးဝင်ပြီး မြို့ခံတွေက သောက်သုံးရေအဖြစ် သုံးစွဲနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မိုးရွာသွန်းမှု များပြားလို့ မန္တလေးတိုင်း ရမည်းသင်း၊ မိတ္ထီလာနဲ့ ကျောက်ဆည်ခရိုင်ထဲက ဆည်၊ ကန်နဲ့ တာတမံတွေ ကျိုးပေါက်ကာ ဒေသခံပြည်သူတွေ ရေကြီးနစ်မြုပ်မှုဒဏ် ခံနေရပြီး လူသေဆုံးတာ၊ အိုးအိမ်ပျက်စီးတာ၊ ကျွဲ၊နွား၊ တိရစ္ဆာန်တွေ သေဆုံးတာနဲ့ စိုက်ပျိုးစီးနှံ ပျက်စီးတာတွေ ကြုံနေရပါတယ်။
ဝမ်းတွင်းနယ်က စမုံဆည် စက်တင်ဘာလ ၁၁ရက် ညပိုင်းက ကျိုးပေါက်ခဲ့သလို ပန်းလောင်မြစ်ပေါ်မှာ တည်ထားတဲ့ ကင်းတားဆည်ကလည်း ဆည်ရေပြည့်လို့ စက်တင်ဘာလ ၁၁ရက်ကတည်းက ရေထိန်းတံခါးတွေကနေ ရေတွေ ထုတ်လွှတ်နေတာ ဖြစ်ပါတယ်။
အဲ့ဒီလို ဆည်ကျိုးတာ၊ ဆည်ရေလွှတ်တာတွေကို စစ်အုပ်စုက ပြည်သူကို အသိပေးကြေညာမှု မရှိတာကြောင့် ဆည်အောက်ဘက်နေ မြို့၊ရွာတွေ ကြိုတင်ပြင်ဆင်ချိန် မရဘဲ ရေဘေးဒုက္ခ ပိုမို ကြုံနေရတာလို့ ဝမ်းတွင်းနဲ့ မြစ်သားနယ် ဒေသခံတွေက ပြောပါတယ်။
MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာနယ် အရှေ့ခြမ်းက ဆည်တော်ကြီး ရေလှောင်တမံ/Photo – MDY-PDF
#Mandalay_Free_Press_MFP