မန္တလေးတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော စစ်ကောင် စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

by

in

မန္တလေးတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသော စစ်ကောင် စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် စု ဆောင်းပေးနေသော စစ်ကောင်စီခန့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မန္တလေးမြို့မှ ပြည်သူတချို့၏ ပြောဆိုချက်နှင့် စစ်တပ်လော်ဘီတယ်လီဂရမ်များ၏ ဖော်ပြချက်များအရ သိရှိရသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန် မန္တလေးမြို၊ အောင်မြေသာစံမြိုနယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈လမ်း၊ ၈၂ လမ်းထောင့်တွင် စစ်ကောင်စီခန့် မေဂီရိရပ်ကွက်အုပ် ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ညီမ ခင်ဖုန်းဆုတို့ကို ဆိုင်ကယ်ဖြင့် သေနတ်သမားတချို့က ပစ်ခတ်သဖြင့် နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“မေဃဂီရိရပ်ကွက်အုပ်ကြီးမက မေဃဂီရိရပ်ကွက်ထဲတင် မဟုတ်ဘူး။ တပ်သားသစ်စုဆောင်းဖို့ဆိုပြီး အောင်မြေသာစံမြို့နယ်ထဲမှာ အုပ်စုဖွဲ့၊ လူစုတာ၊ ဧည့်စာရင်းစစ်ပြီး လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်း ဖမ်းဆီးတာတွေမှာ ရှေ့ဆုံးက ပါခဲ့တာ။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က သူ့ကို အရမ်းကို သဘောကျတယ်။ စစ်သားစုဆောင်းရေးမှာ အရမ်းတက်ကြွတဲ့ အုပ်ကြီးမပါ” ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူတစ်ဦး က ရှင်းပြသည်။
လက်ရှိတွင် စစ်တပ်က မန္တလေးနှင့် အောင်မြေသာစံမြို့နယ်တွင် ဂိတ်ချ စစ် ဆေးမှုများလုပ်ဆောင်နေပြီး CCTV မှတ်တမ်းများလည်း လိုက်လံတောင်းခံနေကြောင်း သိရှိရသည်။
“ပစ်ခတ်သွားတဲ့နားမှာ CCTV တွေရှိသလားဆိုပြီး လိုက်မေးနေတယ်” ဟုဒေသပြည်သူတစ်ဦးက ဆိုသည်။
မန္တလေးတွင် များမကြာမီ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်လာသည့်အပြင် ရဲစခန်းများ၊ တပ်စခန်းများနှင့် မြို့အတွင်း အထပ်မြင့်တိုက်အမြင့်များတွင် နေရာယူ ကင်းပုန်းချထားမှုများ၊ စနိုက်ပါသမားများ ချထားမှုများရှိနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်လော်ဘီတယ်လီဂရမ်တွင် ဖော်ပြထားသည့် မေဃဂီရိရပ် ကွက် အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့်ညီမဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားစဉ်။