ကျောက်မဲမြို့ကို TNLA သိမ်းပိုက်

ကျောက်မဲမြို့ကို TNLA သိမ်းပိုက်
009
မဇ္ဈိမ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်းများကို သိမ်းပိုက်၍ မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ယနေ့ (ဩဂုတ် ၆ ရက်)တွင် အလုံးစုံထိန်းချုပ်လိုက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
မြို့အနီးရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ ခမရ(၅၀၂) ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁ )တို့ ယမန်နေ့ ညသန်းခေါင်ယံတွင် TNLA က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း TNLAနှင့် နီးစပ်သည့် ကျောက်မဲမြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။
“ ညသန်းခေါင်ထိ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသေးတယ်။ အဲ့ကြားထဲက တပ်ရင်းဌာနချုပ်တွေကို သိမ်းလိုက်နိုင်ပြီ။ မြို့ပေါ်မှာလည်း TNLA အုပ်ချုပ်ရေးယန္တာရား စတင်နေပြီ။ “ဟု ၎င်းက ပြောသည်။
လတ်တလောတွင် TNLAက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ထိုလက်ကျန်တပ်ရင်းများကို စစ်ကောင်စီ လက်လွတ်လိုက်ရသောကြောင့် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီး မြို့ကို TNLA က အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။
ဇူလိူင်လဆန်းကတည်းက ကျောက်မဲမြို့ပေါ်ကို TNLAက ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ရင်းများကို ပိတ်ဆို့ထားခဲ့စဉ် ဇူလိုင် တတိယ အပတ်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် ကျောက်မဲမြို့သို့ စေလွှတ်ခဲ့သော်လည်း စစ်ကူတပ်အားလုံး ချေမှုန်းခံခဲ့ရသည်။
ကျောက်မဲမြို့သည် စစ်ကောင်စီ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကျောက်မဲခရိုင်တွင် မြို့နယ် ခြောက်မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို TNLAက သိမ်းပိုက်ထိန်းချုပ်ထားပြီး သီပေါမြို့နယ်သာ ကျန်ရှိတော့သည်။
ထိုအခြေနေများနှင့် ပတ်သက်၍ TNLAက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးဘဲ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကိုလည်း ဆက်သွယ်၍ မရရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလိုင်းတွင် TNLAနှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်နှင့် တဆက်တည်းရှိသည့် မြို့မြောက်ဘက် နောင်ချိုမြို့၊ မြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်မဲမြို့သည် TNLA သိမ်းပိုက်လိုက်သည့် မြို့ပေါင်း ၁၁ ခု မြောက် ဖြစ်လာသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima

ရှမ်းပြည်နယ် ကျေက်မဲမြို့ကို TNLA အပြီးသတ်သိမ်းပိုက်
Myanmar Now
တစ်လကျော်တိုက်ပွဲပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များက ဩဂုတ် ၅ ရက် ညပိုင်းတွင် ရှင်းလင်းပြီး မြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်မဲမြို့အနီးရှိ အမြောက်တပ်တစ်ခုနှင့် မြို့ပေါ်နေရာအများစုကို ပြီးခဲ့သည့် ဇူလိုင်လကတည်းက TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်သော်လည်း မြို့မြောက်ဘက်ရှိ တပ်စခန်းများကို ကာလရှည်တိုက်ခိုက်နေခဲ့ရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သည်။
မြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၅၀၁)နှင့် (၅၀၂)တို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီးနောက် ယမန်နေ့ ညတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA ၏ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သို့သော် လုံခြုံရေးအခြေအနေအရ နယ်မြေရှင်းလင်းရေးများ ဆက်လက်ပြုလုပ်နေရကြောင်း အဆိုပါ TNLA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ဒေသတွင်းအခြေစိုက် စစ်ရေးသတင်းများရေးသားနေသည့် ရွှေဖီမြေသတင်းဌာနရေးသားချက်အရ ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းအားလုံးကို ယမန်နေ့ည ၁၀ နာရီခန့်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့နံနက် ၅ နာရီခန့်မှ စတင်ကာ ကျောက်မဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားနေရာနှင့် ပတ္တမြားစေတီအနီးတဝိုက်ကို စစ်ကောင်စီတပ်က Y 12 ‌လေယာဉ်အမျိုးအစားဖြင့် ဗုံးအလုံးရေ ၁၀၀ နီးပါးခန့် ကြဲချခဲ့သလို ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအနေဖြင့် ဇွန် ၂၅ ရက်မှစတင်ကာ TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ အများအပြားသေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့သည်။
ကျောက်မဲမြို့မှာ ပြီးခဲ့သည့်လက TNLA တပ်များ သိမ်းပိုက်ခဲ့သည့် နောင်ချိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာနှင့် ယနေ့အထိ စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် သီပေါမြို့၏ အနောက်ဘက် ၁၉ မိုင်ခန့်အကွာတွင်ရှိသည်။
တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအနေဖြင့် ဇွန် ၂၅ ရက်မှစတင်ပြီး ရှမ်းမြောက်နှင့် မန္တလေးတိုင်းတို့တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။
တစ်လကျော်အတွင်း TNLA နှင့် မဟာမိတ်တပ်များ က နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF က စဥ့်ကူးမြို.များကို သိမ်းပိုက်ရရှိခဲ့သကဲ့သို့ ကိုးကန့်တပ်မတော် MNDAA နှင့် ပူးပေါင်းတပ်များက အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို.ကို ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေကြသည်။
ပုံစာ- ဇူလိုင် ၃ ရက်က ကျောက်မဲမြို့အနီး လက်နက်ပြင်ဆင်နေသော TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ – AFP)