မြန်မာပြည်အထက်ပိုင်းမှရေများ အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာနိုင်သည့်အတွက် ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် ရေကြီးမှုဘေးအန္တရာယ်ကို အထူးသတိပြုရန် သတိပေး

by

in

မြန်မာပြည်အထက်ပိုင်းမှရေများ အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာနိုင်သည့်အတွက် ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် ရေကြီးမှုဘေးအန္တရာယ်ကို အထူးသတိပြုရန် သတိပေး

မြန်မာပြည်အထက်ပိုင်းမှရေများ အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာနိုင်သည့် အတွက် ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် ရေကြီးမှုဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) မှ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည်။
မြန်မာတနိုင်ငံလုံးတွင် ယခင်ရက်များထက် မိုးရွာသွန်းမှု လျော့နည်းသွားသော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှ ရေများသည် မြန်မာနိုင်ငံအောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာ နိုင်သည့်အတွက် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် ရေကြီးမှုဘေးအန္တရာယ်ကို အထူး သတိပြုရန်လိုအပ်ကြောင်း သိရသည်။
မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ လျှပ်စစ်ဓါတ်အားပေးတမံများနှင့် ရေလှောင်တမံသည် ရေပိုလွှဲအထက်ရေကျော်လွန်ရောက်ရှိနေသည့် အတွက် သတိပြုစောင့်ကြည့်သင့်ပြီး အဆိုပါ ရေလှောင်တမံများအနီးနှင့် အောက်ပိုင်းတို့ရှိ မြို့ရွာများမှ ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် လိုအပ်ပါက အချိန်မီရှောင်ရှားနိုင်ကြပါရန် NUG မှ သတိပေးနှိုးဆော်ထားသည်။
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် တောင်ပြို၊ မြေပြိုမှုအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် တိုက်တွန်းထားသည်။
ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး ၊ ကျန်ဒေသများတွင် အများအားဖြင့် သာယာနိုင်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များအတွက် ဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမှုများ၊ Spring Development Bank(SDB) ၏ Humanitarian Support Fund နှင့် NUGPay ၏ Disaster Relief Fund တို့မှရရှိသော ရန်ပုံငွေများကို ထုတ်နုတ်သုံးစွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#TachileikNewsAgency