ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်ပြီး မိုးရွာသွန်းမှုမများရင် စိုးရိမ်စရာမလို

by

in

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်နိုင်ပြီး မိုးရွာသွန်းမှုမများရင် စိုးရိမ်စရာမလို
စက်တင်ဘာ ၁၅ – ၂၀၂၄
SN (VOM)
ရန်ကုန်မြစ်အတွင်း စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ထူးကဲဒီရေ မြင့်တက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားပြီး အဲဒီရက်တွေမှာ မိုးရွာသွန်းမှုမများရင်တော့ ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာမလိုဘူးလို့ မိုးလေဝသဆိုင်ရာ လေ့လာသူတွေက ပြောပါတယ်။
ထူးကဲဒီရေမြင့်တက်မှုမှာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ခန့်မှ ၂၁ ပေခန့်အထိ ရောက်ရှိနိုင်ပြီး ရန်ကုန်မြစ်ကမ်းအနီး နေထိုင်သူတွေ ကြိုတင်ပြင်ဆင်နိုင်ကြဖို့ သတိပေး ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ ကာလတွေအတွင်းက အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၂ ပေခန့်အထိ မြင့်တက်ခဲ့ဖူးတဲ့အတွက် လတ်တလော အခြေအနေကို စိုးရိမ်စရာမလိုဘဲ အခြေခံရေစစ်မျဉ်းအထက် ကျော်လွန်နေတဲ့အတွက်သာ အခုလို အသိပေး ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ထူးကဲဒီရေ မြင့်တက်ချိန်မှာ မိုးရွာသွန်းမှုမများရင်တော့ စိုးရိမ်စရာမလိုဘဲ မိုးရွာသွန်းမှုများမယ်ဆိုရင်တော့ ရန်ကုန်မြို့ရှိ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့ ရေများလာနိုင်တဲ့အတွက် မြစ်ချောင်းတွေအနီးက အနိမ့်ပိုင်းရပ်ကွက်တွေ ကြိုတင်သတိပြုကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“မိုးမများရင် ၁၇ ရက်နဲ့ ၂၁ ရက်အတွင်း ဒီရေတက်လည်း မှုစရာမရှိပါဘူး။ ပြီးတော့ လေဖိအားနည်းရပ်ဝန်းကလည်း အိန္ဒိယနိုင်ငံကုန်းတွင်းထဲဝင်ပြီး မြန်မာပြည်နဲ့ ဝေးသွားတော့မယ့် အချိန်ဖြစ်လို့ လက်ရှိဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဆိုလည်း ရွာနိုင်မယ့်မိုးက စက်တင်ဘာ ၂၃ ရက်အထိ မများနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီရေတက်ချိန် ရေထရက်မှာ အနောက်တောင် မုတ်သုံလေ အားကောင်းလာတဲ့အချိန်၊ ကမ်းရိုးတန်းဒေသတွေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေဘက်ကို မိုးများလာတဲ့အချိန်နဲ့ ဒီရေတက်ချိန်နဲ့ သွားဆုံလို့ရှိရင်တော့ ရေကြီးတာတွေ ဖြစ်သွားနိုင်တယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ရခိုင်ရိုးမပေါ်က ဆင်းလာတဲ့ တောင်ကျရေ၊ ရခိုင်ရိုးမနဲ့ ပဲခူးရိုးမကြားက လှိုင်မြစ်ရေ၊ ပဲခူးရိုးမ အရှေ့ခြမ်းက ပဲခူးမြစ်ရေ၊ အထူးသဖြင့် စိုးရိမ်ရေမှတ်အထက်ကို ရောက်နေတဲ့ စစ်တောင်းမြစ်ရေက ပင်လယ်ဒီရေနဲ့ တွေ့ဆုံမယ်ဆိုရင် မြစ်ရေတက်တဲ့နှုန်း မြန်လာလိမ့်မယ်လို့ သူက ပြောပါတယ်။
“ရန်ကုန်မှာ အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ်၊ ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ်၊ အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမယ့်ရေ ပဲခူးမြစ်ထဲရောက်မယ်။ သံလျင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။ ဒါကြောင့် ပဲခူးမြစ်ရေတက်ချိန်နဲ့ ရေထရက် ဒီရေတက်ချိန်တွေမှာ အနိမ့်ပိုင်းတွေ သတိထားရပါမယ်။ အနိမ့်ပိုင်းမှာနေတာဆိုရင် ရေအထိမခံတဲ့ ပစ္စည်းတွေ မြင့်တဲ့နေရာ ရွှေ့ထားသင့်ပါတယ်။ ၁၇ ရက်မှ ၂၁ ရက်အတွင်း ရေထရက် အတွင်း သတိထားရမှာပါ” လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံပြီး လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ် အပါအဝင် မြိုတချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါအပြင် လက်ရှိမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်တရုတ်ပင်လယ်ပြင်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရာဂိ (Yagi) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း) အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် စက်တင်ဘာ ၁၀ ရက်ကစလို့ အဲဒီဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါအပြင် လက်ရှိမှာလည်း စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာလည်းကောင်း၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာလည်းကောင်း၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာလည်းကောင်း စိုးရိမ်ရေမှတ်အထက်ကို အသီးသီး ကျော်လွန်ရောက်ရှိနေတဲ့အတွက် ရေဘေးသတိပြု နေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။
Photo:CJ