တပ်ကုန်းရေကြီးမှုမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ မြေပြိုကျပြီး အရာရှိတွေအပါအဝင် အယောက် ၃၀ ကျော် ပျောက်ဆုံးကာ အလောင်း ၈လောင်းသာ ပြန်ရ

by

in

တပ်ကုန်းရေကြီးမှုမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ မြေပြိုကျပြီး အရာရှိတွေအပါအဝင် အယောက် ၃၀ ကျော် ပျောက်ဆုံးကာ အလောင်း ၈လောင်းသာ ပြန်ရ
စက်တင်ဘာ ၁၄၊ ၂၀၂၄

နိုင်ငံတဝန်းရေကြီးမှုတွေကြောင့် နေရာအနှံ့ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး လူထောင်ပါင်းများစွာ ရေဘေးဒုက္ခကို ခံစားနေကြရပါတယ်။
အရပ်သား နေအိမ်တွေအပြင် တပ်ကုန်းမြို့မှာ တည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၄) နဲ့ (ကပစ-၁) လည်း ရေကြီး၊ မြေပြိုမှုတွေကြောင့် စစ်ကောင်စီအရာရှိတွေအပါအဝင် ၃၀ ကျော်ပျောက်ဆုံးနေပြီး အရာရှိအလောင်း ၈လောင်းကိုသာ ပြန်ရှာတွေ့တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ထံက သိရပါတယ်။
စက်ရုံပျက်စီးမှုကြောင့် လက်နက်ခဲယမ်းတွေ ရေမျော ပျက်စီးမှုတွေရှိနေတာကို “ ကပစ ၄ က ပျက်စီးတယ်။ လူနေတဲ့ နေရာတွေမှာကို မီးတွေလည်း ဖြတ်တောက်ထားပါတယ်။ စက်ရုံဧရိယာနဲ့ အရာရှိဧရိယာကတော့ မီးမပက်သေးဘူးလို့ သိရတယ်။ နောက်ထပ် ကပစ ၁ပါ စက်ရုံတွေ၊ တံတားတွေ ပြိုကျနေတယ်လို့ သိရတယ်ဗျ။ ကပစ ၄ ကတော့ လူအသေအပျောက်က ၃၀ ပျောက်တာပေါ့နော်။ အဲထဲမှာ အရာရှိ၊ ဗိုလ်မှူးတွေတောင်ပါတယ်လို့ သိရတယ်။ ၈လောင်းတော့ ပြန်ရတယ်ပေါ့နော်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ကပစ ၄ ဧရိယာက စက်ရုံတွေကို တောင်ကြားမှာ ကပ်ပြီးတည်ဆောက်ထားတာဖြစ်ပြီး တည်ဆောက်ထားတဲ့ Retaining wall မြေထိန်းနံရံတွေနဲ့ ရေနုတ်မြောင်းတွေကို သေချာတည်ဆောက်ထားခြင်းမရှိတာကြောင့် အဆိုပါ ရေနုတ်မြောင်းတွေက တဆင့် ရေလျှံကာ ကပစ ၄ စက်ရုံနေရာ မြေပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကပစ ၄ နည်းတူ ကပစ ၁မှာလည်း ရေကြီး၊ မြေပြိုမှုတွေဖြစ်နေပြီး အသေအပျာက်စာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “စက်ရုံကို မြေပြိုသွားပေမယ့် သူတို့မှာ ပြန်ပြင်ဖို့အတွက် အရန်သင့် မြေကော်စက်တွေရှိပါတယ်။ လောလောဆယ်ကတော့ production ရပ်သွားမှာပေါ့နော်၊ production ပြန်လည်ပတ်နိုင်အောင်တော့ သူတို့ ချက်ချင်းပြန်ပြင်မှာပါ။ တစ်ခုရှိတာက စက်ရုံထဲမှာက အလုပ်ရုံအမှတ် ဘယ်လောက်… ဘယ်လောက်ဆိုပြီးရှိတော့ စက်ရုံတစ်ခုပျက်တာနဲ့ သေနတ်တစ်လက် ထွက်လာဖို့က မလွယ်တော့ပါဘူး။ သူတို့ အတွက်တော့ ဒုက္ခရောက်သွားမှာပါ။” လို့ ဆိုပါတယ်။
အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁ ဟာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ တည်ရှိပြီး ဝန်ထမ်းအင်အား (၆၀၀) ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။
ပုံစာ – ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုကို မင်းအောင်လှိုင် သွားရောက် ကြည့်ရှုစဉ် (ပုံဟောင်း)