ပေါင်းတည်တွင် အင်အား ၇၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

by

in

ပေါင်းတည်တွင် အင်အား ၇၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်ရွာစစ်ကောင်စီအထိုင်စခန်းမှ ပြန်ချီတက်ရွာသို့ ရိက္ခာ ဆင်းသယ်သော အင်အား ၇၀ ပါ စစ်တပ်စစ်ကြောင်းကို အပြန်ခရီးတွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ က မိုင်းကွင်း ၄ ကွင်းကို ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၄ ဦးနေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒါဏ်ရာရရှိသွားပါတယ်။ သေဆုံးအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မွန်းတည် ၁၂ နာရီခန့်အချိန် သစ်ပုတ်အထိုင်စခန်းကို ပြန်လည် သယ်ဆောင်သွားပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ခမရ ၁၆ မှ အရာရှိ တချို့အပါအဝင် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Brothers အဖွဲ့က ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့များက 107 MM ရှော့တိုက်ဒုံး ၂ လုံးနှင့် လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း ခမရ ၁၆ မှ အရာရှိ စစ်သား တချို့ ထိခိုက်‌ သေဆုံးမှုများပြားပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများကို ကုတင် ၃၀၀ တပ်မတော် ဆေးရုံကို ပို့ ဆောင် ထားကြောင်း သိရှိရသည်။
ထိုထိခိုက်မှုနှင့် ပတ်သတ်၍ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်မှ ဦး‌ဆောင်ပြီး အထူးအစည်းအဝေးခေါ်ယူကာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သတ်ပြီး သတင်းများဖုံးကွယ်ထားကြရန် ထပ်ခါထပ်ခါမှာကြားခဲ့မှုများ သတင်းပေါက်ကြားခဲ့သည်ဟု Chindwin Brothers အဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Rockets Brothers တပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁ ၊ Chindwin Brothers တပ်ဖွဲ့ ၊ ဇာမဏီ ချင်းတွင်းအဖွဲ့နှင့် မုံရွာမြို့နယ် တိုက်နယ် ၅ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။