တွန်းဇံမြို့သိမ်းတိုက်ပွဲ ချင်းပူးပေါင်းတပ်မှ ရဲဘော်အချို့ကျဆုံး

တွန်းဇံမြို့သိမ်းတိုက်ပွဲ ချင်းပူးပေါင်းတပ်မှ ရဲဘော်အချို့ကျဆုံး
ထားမြတ်/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးခဲ့ရကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။
တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက မေလ ၁၆ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မေလ ၁၉ရက် နံနက်တွင် တွန်းဇံရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်များ မြို့တွင်းနေရာအချို့၌ ဆက်ရှိနေ၍ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဆိုသည်။
“တွန်းဇံမြို့ပေါ် တိုက်ပွဲမှာတော့ တစ်ယောက်ပဲကျတယ်။ ဒီနေ့ အခြေအနေတော့ မသိရသေးဘူး။ အဲဒီဘက်က တခါတလေ ဆက်သွယ်လို့ ခက်ခဲ့တာရှိတယ်။ ဒါပေမဲ့ တွန်းဇံမြို့ပေါ် မရောက်ခင် အရင်တုန်းက ကျဆုံးတာတွေတော့ ရှိဖူးတယ်။ တွန်းဇံမြို့ပေါ် တိုက်ပွဲမှာတော့ တစ်ယောက်ပဲ ကြားတယ်။ CDF ဟွာငိုရမ်တစ်ယောက်ပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
တွန်းဇံဒေသ စစ်ရေးအခြေအနေနှင့် နှစ်ဖက်ကျဆုံးထိခိုက် အခြေအနေများမေးမြန်းရန် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
The Chin Journal၏ ဖော်ပြချက်၌ တွန်းဇံမြို့နယ် စစ်ဆင်ရေးအတွင်း CANနှင့် CDF ပူးပေါင်းတပ်များဘက်က ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း၊ ယင်းအနက် CDF ဟွာငိုရမ် ရဲဘော်၏ ဈာပနကို ယနေ့ ကျင်းပခဲ့ကြောင်း အသိပေးထားသည်။
ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံမြို့ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေ ရှိနေပြီး တွန်းဇံမြို့နယ် ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ထားနိုင်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
(CDF ဟွာငိုရမ် ရဲဘော်၏ ဈာပနကို ယနေ့ ကျင်းပနေစဥ်။ ဓာတ်ပုံ – The Chin Journal)