ပြည်မြို့နှင့် မန္တလေးမြို့ တို့တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေး အမျိုးမျိုး ကောက်ခံနေပြီး အိမ်ထောင်စုစာရင်းများ လိုက်လံ စစ်ဆေးနေ

by

in

ပြည်မြို့နှင့် မန္တလေးမြို့ တို့တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေး အမျိုးမျိုး ကောက်ခံနေပြီး အိမ်ထောင်စုစာရင်းများ လိုက်လံ စစ်ဆေးနေ
ရန်ကုန်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေကြေး အမျိုးမျိုး ကောက်ခံနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ပြည်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်ခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး သက်နိုင်နှင့် ဆယ်အိမ်မှူး ကိုနိုင်တို့ ဦးဆောင်၍ ပြည်သူများကို စစ်မှုမထမ်းလိုလျှင် တစ်အိမ်ကို တစ်လ ငွေကျပ် ၂၀၀၀၀ ပေးဆောင်ရပြီး အတင်း အဓမ္မ ခြိမ်းခြောက် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ ပိုက်ဆံတောင်းတာကို သူများတွေကို လျှောက်ပြောရင် မင်းတို့အိမ်က ယောကျာ်းတွေ စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ပြီးတော့ ဆယ်အိမ်မှူး ကိုနိုင်က စစ်တပ် အုပ်ချူပ်တဲ့ အချိန်အတွင်း ရပ်ကွက်ထဲရှိ ပြည်သူတွေဆီက မတရားနည်းဖြင့် အမြတ်ထုတ်နေပါတယ်။ ဟိုဖိုးဒီဖိုး ရုံးအသုံးစရိတ်ဆိုပြီး ကောက်ခံနေပါတယ်။ ဆယ်အိမ်မှူး ကိုနိုင်က အခုဆို မတရားနည်းနဲ့ စစ်တပ်အာဏာပြပြီး စီးပွားရှာနေပါတယ်။ ဥက္ကဋ္ဌ သက်နိုင်နဲ့ ပေါင်းပြီး လုပ်ကြတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း ရပ်ကွက်ရုံး၊ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က ဆီထုတ်ယူခွင့် စာအုပ်နှင့် ပက်သက်ပြီး အစည်းအဝေးခေါ်ယူ၍ အိမ်ထောင်စုစာရင်း စစ်ဆေးပြီး လူငယ်များ၏ စာရင်းကိုလည်း ကောက်ခံသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“ဒီကနေ့ မနက်က ဆီထုတ်ယူခွင့် စာအုပ်နဲ့ ပက်သက်ပြီး အစည်းအဝေးပွဲတွေ ပြုလုပ်လာကြပါတယ်။ ဆီထုတ်ယူခွင့် စာအုပ်တွေ ထုတ်ဝေကာ အိမ်ထောင်စုဇယား စစ်ဆေးပြီး လူငယ်တွေ စာရင်းပါ မှတ်ယူသွားပါတယ်။ လူငယ်တွေ အများစုကတော့ စစ်မှုထမ်း ခေါ်မည်ကို အထူးစိုးရိမ်နေကြပါတယ်။ ဆီကို ပေးချင်လို့ ပေးတာ မဟုတ်လောက်ဘူး။ အိမ်ထောင်စုဇယားကြည့်ပြီး လူငယ်တွေ ခေါ်ဖို့ တမင် လုပ်ဆောင်တာ ဖြစ်မယ်လို့” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။