ပြင်ဦးလွင်မြို့သိမ်း တိုက်ပွဲ စတင်တော့မည်ဖြစ်၍ စစ်ကောင်စီတပ်အသိုင်းအဝိုင်းများ ညှိနှိုင်းပူးပေါင်းပါဝင်ရန် မြို့ခံပကဖသတိပေး

by

in

ပြင်ဦးလွင်မြို့သိမ်း တိုက်ပွဲ စတင်တော့မည်ဖြစ်၍ စစ်ကောင်စီတပ်အသိုင်းအဝိုင်းများ ညှိနှိုင်းပူးပေါင်းပါဝင်ရန် မြို့ခံပကဖသတိပေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကို စစ်ကောင်စီက အသည်းအသန်ခုခံ၍ လက်နက်ကြီးပစ်ကူပေးနေသော်လည်း မကြာခင်မြို့သိမ်းတိုက်ပွဲ စတော့မည်ဟု မြို့ခံပကဖကအဖွဲ့က အသိပေးထားသည်။
မကြာမီ မြို့သိမ်းစတော့မည်ဖြစ်၍ စစ်ကောင်စီ တပ်အသိုင်းအဝိုင်းများ ညှိနှိုင်းပူးပေါင်းပါဝင်ကြရန် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြိုတင်သတိပေးပြောဆိုထားသည်။
“မကြာခင် ပြင်ဦးလွင် မြို့သိမ်းစတော့မှာဖြစ်တဲ့အတွက် စစ်တပ်ဘက်မှ အသိုင်းဝိုင်းများ ညှိနိုင်း ပူးပါင်းပါဝင်ကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါတယ်။ ပခပ တာဝန်ခံ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်မြို့နယ်က ဆိုထားသည်။
လက်ရှိတွင် ပြင်ဦးလွင်နှင့် အနီးစပ်ဆုံးဖြစ်သည့် ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက်ထိုး စစ်ဆင်လျက်ရှိသည်။
တောင်ခမ်းကျေးရွာတွင် တိုက်ပွဲရက်ရှည်လာပြီး ထိခိုက်သေဆုံးမှုများနေသည့်အတွက် စစ်ကောင်စီအရာရှိပိုင်းများက အသံ ကြားရာနေရာမှန်သမျှကို ပစ်ခတ်တိုက်ခိုက်ခိုင်းနေပြီး အချင်းချင်းမှားယွင်းပစ်ခတ်မိပါကလည်း နောက်မှရှင်းမည်ဟု အမိန့်များ ထုတ်ရသည်အထိ စစ်ကောင်စီဘက်မှ တပ်စခန်းပါသွားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။
ယခုရက်ပိုင်းများအတွင်း တောင်ခမ်းကျေးရွာတွင် တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက တစ်နေ့လျှင် ဗုံးအလုံးရေ ရာချီအသုံးပြု ကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှနေ၍လည်း တောင်ခမ်းကျေးရွာရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ယမန်နေ့ ညပိုင်းက အထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တောင်ခမ်းရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာကုန်းတစ်ခုသည် ပြင်ဦးလွင်မြို့ကို အထူးခြိမ်းခြောက်နိုင်သည့် အတွက် အဆိုပါလက်နက်ကြီးတပ်ဆင်ထားသည့် ဗျူဟာကုန်း‌ တော်လှန်ရေးတပ်ဖွဲ့များထံ ကျရောက်ပါက ပြင် ဦးလွင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ အလွယ်တကူ သိမ်းပိုက်နိုင်သည့် အခြေအနေသို့ကျရောက်နိုင်ကြောင်း စစ်တပ်အရာရှိ CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ကြောင့် တောင်ခမ်းအမြောက်စခန်းများကို TNLA တပ်များ တိုက်ခိုက်နေချိန် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့မှစ၍ ပြင်ဦးလွင်မြို့မှနေ၍ လက်နက်ကြီးများ ဖြင့် တောင်ခမ်းကျေးရွာရှိ မကျည်းရေနှင့် ရေဖြူကျေးရွာများရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ပါ ပစ် ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရသည်။
TNLA တပ်များက တောင်ခမ်း‌ကျေးရွာရှိ အမြောက်တပ်ရင်း အမတ ၂၀၆ နှင့် အမတ ၄၀၆ တို့ကို သိမ်း ပိုက်ထားပြီး အမတ ၃၅၄ နှင့် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ တို့ကို ရရှိရန် ဆက်လက်တိုက် ခိုက်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။
အဆိုပါ တောင်ခမ်းဗျူဟာနှင့် အမြောက်တပ်များကျပါက စစ်ကောင်စီ၏ ပြင်ဦးလွင်၊ သာစည်၊ ကျောက် ဆည်နယ်များအထိ စစ်ရေးရောက်ရှိလာပြီး တော်လှန် ရေးတပ်များက အသာစီးရသွားမည်ကို စစ်ကောင်စီမှ အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။
#ပြင်ဦးလွင် #မြို့သိမ်း #စတင်မည် #စစ်ကောင်စီတပ်အသိုင်းအဝိုင်း #မြို့နယ်ပကဖ #သတိပေး #Ayeyarwaddy_Times