ရန်ကုန်မှာ စားဆီစာအုပ် မရသေးတဲ့ ရပ်ကွက်တွေရှိနေ၊ ဆီကတ်လည်း မရလို့ ပြင်ပမှဈေးကြီးပေး ဝယ်သုံးနေရလို့ဆို

by

in

ရန်ကုန်မှာ စားဆီစာအုပ် မရသေးတဲ့ ရပ်ကွက်တွေရှိနေ၊ ဆီကတ်လည်း မရလို့ ပြင်ပမှဈေးကြီးပေး ဝယ်သုံးနေရလို့ဆို
CJ Platform

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့က ရပ်ကွက်တွေမှာ စစ်ကောင်စီရဲ့ သမဝါယမစနစ်သစ် စားဆီဝယ်ယူခွင့် စာအုပ်မရသေးတဲ့နေရာတွေရှိနေတယ်လို့ ကြုံတွေ့နေရသူတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် အဲဒီလူတွေတွေဟာ အရင် ဆီကတ်လည်း မရလို့ ပြင်ပကနေ ဈေးကြီးပေး ဝယ်ယူစားသုံးနေရတယ်လို့ ဆိုကြပါတယ်။
“ဒီမှာ ဟိုတစ်နေ့က စာအုပ်နဲ့စရောင်းတာမှန်တယ်။ ဒါပေမဲ့ ရတဲ့ရပ်ကွက်ပဲရတာ။ ကျွန်မတို့ ရပ်ကွက်ကလူကြီးတွေက စာရင်းတွေတော့တောင်းသွားတယ်။ အခုထိ ဘာမှလည်း ရမလာသေးတာ။ ဆီကတ်လည်းမဝေဘူး။ ရောင်းပေးနေတဲ့ဆိုင်သွားဝယ်တော့လည်း စာအုပ်နဲ့မှ ရောင်းပေးတာတဲ့။ အပြင်က ပြန်ရောင်းတဲ့သူ‌တွေဆီကပဲ လိုက်ရှာဝယ်နေရတယ်” လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စာအုပ်မရသေးတဲ့မြို့နယ်တွေမှာ ရပ်ကွက်လမ်းလူကြီးတွေကို ဆီကတ်ဝေခိုင်းထားတယ်လို့ကြားသိရပေမဲ့ ၎င်းတို့ကလည်း လူတိုင်းကိုမဝေပေးဘူးလို့လည်း သိရပါတယ်။
“သူတို့နဲ့သိတဲ့သူကိုသာ လေးငါးကတ်ပေးနေတာ။ ကျွန်မတို့ စက်ရုံသမားတွေက အချိန်ပြည့်အိမ်မှာမှမရှိတာ။ တကယ်ဆို အကုန်လုံးကို ညီတူညီမျှပေးရမှာကို။ ဟိုတစ်နေ့က ချက်စားဖို့လုံးဝမရှိတော့လို့ မနည်းသွားပြောမှ တစ်ကတ်ပေးတယ်။ သူတို့ပဲလုပ်စားနေသလို လုပ်နေတာ” လို့ လှိုင်သာယာမြို့နယ် ၇ ရပ်ကွက်နေ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆီစာအုပ်မရသေးတဲ့ သာကေတနဲ့ အင်းစိန်မြို့နယ်တို့က ရပ်ကွက်တချို့မှာလည်း ဆီ ၅၀ ကျပ်သားရရှိဖို့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တို့ပြသကာ ဝယ်ယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မှာ စားဆီကို သမဝါယမစနစ် စာအုပ်နဲ့ရောင်းချမှု အခုစက်တင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက စတင်လိုက်တာပါ။
အိမ်ထောင်စုရှိလူဦးရေအရေအတွက်အလိုက် တစ်လအတွင်း တစ်ဦးကို စားအုန်းဆီ ၅၀ ကျပ်သား ဝယ်ယူခွင့်ပေးထားပြီး စာအုပ်မရသေးတဲ့ မြို့နယ်၊ ရပ်ကွက်တွေလည်း အများအပြားရှိနေသေးတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်။
စစ်ကောင်စီဩဇာခံ ဆီကုန်သည်အသင်းက သတ်မှတ် ရည်ညွှန်းဈေးကလည်း တဖြည်းဖြည်းမြင့်တက်လာပြီး စက်တင်ဘာ ဒုတိယပတ်အတွက် တစ်ပိဿာ ၆၆၀၅ ကျပ်သတ်မှတ်လိုက်ပါတယ်။ ပြင်ပပေါက်ဈေးကတော့ တစ်ပိဿာ ကျပ် ၂၀,၀၀၀ ခန့်ဖြစ်တယ်လို့ သိရပါတယ်။
ဆီကုန်သည်အသင်းရဲ့ ဇူလိုင်လနှောင်းပိုင်းကစလို့ အိမ်တိုင်ရာရောက်စနစ်နဲ့ ရောင်းချပေးမှုကို အခုစက်တင်ဘာလမှစလို့ ဖုန်းနံပါတ်တစ်ခုကို သုံးပိဿာအထိတိုးမြှင့်ရောင်းချပေးတယ်လို့ ဆိုထားပေမဲ့ ဖုန်းခေါ်မရသူသာ များပြားနေပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #သမဝါယမစနစ် #စားဆီဝယ်ယူခွင့်