စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင် အဖြစ် ရဲအောင်သန်းကို အာဇာနည်နေ့ တက်ရောက်ခိုင်းမှု ဒေါ်အောင်ဆန်းစုကြည် ၏ သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင် အဖြစ် ရဲအောင်သန်းကို အာဇာနည်နေ့ တက်ရောက်ခိုင်းမှု ဒေါ်အောင်ဆန်းစုကြည် ၏ သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်
ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်ရှိ အာဇာနည်ဗိမာန်တွင် ပြုလုပ်ခဲ့သော ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင်ဟုဆိုကာ ရဲအောင်သန်းဆိုသူကို တက်ရောက်ခိုင်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ တရားဝင် ကန့်ကွက်လိုက်သည်။
အကြမ်းဖက် စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဟုဆိုကာ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း၏ မြေးဖြစ်သူ ရဲအောင်သန်းနှင့် မိန်းမတို့ကို စစ်ကောင်စီက တက်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
“အာဇာနည်ဗိမာန်မှာ — ဖိုးဖိုးနဲ့ သူနဲ့အတူ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပြီး အမှတ်တရထားတဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ— မေမေ့ရဲ့ ဘယ်လိုမှနီးစပ်ခြင်း မရှိတဲ့ ဖိုးဖိုးအစ်ကိုရဲ့မြေး ရဲအောင်သန်း က ဖိုးဖိုးရဲ့ အုတ်ဂူရှေ့မှာ အရိုအသေပြုနေတာ မြင်ရပါတယ်။ တခါမှ မတွေ့ဖူးတဲ့ လုပ်ရပ်ပါပဲ။ သိသူများအတွက် ပြောရရင်၊ ဒီမိသားစုဟာ ဖိုးဖိုးရဲ့ အမွေအနှစ်ကို မထိန်းသိမ်းသလို မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ နီးစပ်ခြင်း မရှိခဲ့ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီး ဖြစ်သူ ဦးအောင်ဆန်းဦးမှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် မယုံနိုင်လောက်သည့် အပြုအမူများ လုပ်ဆောင်ပြီး လူသိရှင်ကြား မချေမငံ ဆက်ဆံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမွေအနှစ်ကို စောင့်ထိန်းသူအဖြစ် ဟန်ဆောင်နေကြမှုကို ကြည့်ရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ကိုထိန်လင်းက ဆက်လက်ရေးသားထားသည်။
“မေမေ မတရားချုပ်နှောင်ခံနေရချိန်မှာ စေတီတော်ခြေတော်ရင်းက ဂုဏ် သိက္ခာကြီးမားတဲ့ အာဇာနည်ဂူဗိမာန်မှာ သူတို့ကိုယ် သူတို့ ဖိုးဖိုးရဲ့ အမွေအနှစ်ကို စောင့်ထိန်းသူအဖြစ် ဟန်ဆောင်နေကြတာကို ကြည့်ရတာ စိတ်အနှောင့် အယှက်ဖြစ်စရာပါ၊ အာဇာ နည်ဂူဗိမာန်ဟာ အာဇာနည်တွေကို ဂုဏ်ပြုအမှတ် တရထားတဲ့နေရာ ဖြစ်တယ်။ အာဇာနည်တွေကို တန်ဖိုးထားလေးစားမှုမရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူး။ ဖိုးဖိုးနဲ့အာဇာနည်ကြီးတွေရဲ့စွန့်လွှတ်အနစ်နာခံမှု၊ မေမေ့ရဲ့ ကြိုးပမ်းတိုက်ပွဲဝင်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ — လွတ်လပ်ခွင့်၊ တရားမျှတမှု၊ ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ်။ အခွင့် အရေးသမားတွေရဲ့ လုပ်ရပ်တွေဟာ အမှန်တရားကို မဖျောက်ဖျက်နိူင်ဘူး။ အာ ဇာနည်ကြီးများကို လေးစား၊ သူတို့ရဲ့တန်ဖိုးထားတဲ့အရာတွေကို လိုက်နာပြီး၊ သူတို့ရဲ့အမွေအနှစ်ကို အမှန်တကယ် သယ်ဆောင်သူများကို မမေ့မလျော့နဲ့ ရှေ့ဆက်ကြပါစို့” ဟု ကိုထိန်လင်းက ဆိုသည်။
ယခုနှစ် ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုမူ ၅ နှစ်ဆက်တိုက် အာဇာနည်နေ့ အခမ်းအနား တက်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။
ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော တိုင်းပြည်ဖြစ်လာရေး ပြည်သူများ စည်းလုံးညီညွတ်ကြရန် လိုအပ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။