ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းတွင် လက်နက်ကြီး ပစ်ခတ်စဉ် ဟောင်ဝှစ်ဇာအမြောက် ပြောင်းကွဲမှုကြောင့် စစ်သား ၄ ဦးသေဆုံး

ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းတွင် လက်နက်ကြီး ပစ်ခတ်စဉ် ဟောင်ဝှစ်ဇာအမြောက် ပြောင်းကွဲမှုကြောင့် စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်းမှ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဟောင်ဝှစ်ဇာလက်နက်ကြီး ပြောင်းကွဲကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်း မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပြည်သူလူထုနေထိုင်ရာ ပိတောက်ပုံကျေးရွာ အတွင်းသို့ ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်သည့် လက်နက်ကြီး ၄ လုံးအနက် ၂ လုံးမှာ ကျေးရွာအတွင်း ကျ ရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ အပြင်း အထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း၊ ထို့အပြင် နွားနှစ်ကောင်လည်း သေဆုံးကာ ပြည်သူ့နေအိမ် များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းသို့ ပစ်မှတ်ထားကာ တိုက်ခိုက်နေသည့် ခလရ ၂၅၆ တပ်မှ ဟောင်ဝှစ်စာ အမြောက် လက်နက်ကြီးမှာ ထပ်မံ ပစ်ခတ်စဉ် ပြောင်းထိပ်ကွဲသွားပြီး ပစ်ခတ်တိုက်ခိုက်သည့် စစ်သား ၄ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့က ညနေ ၃ နာရီခွဲလောက် အားလုံးပေါင်း ၄ လုံးပစ်တာ၊ ၂ လုံးက ရွာထဲတည့်တည့်ကျတာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်၊ အဲဒီထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်၊ အသက်အန္တရာယ် စိုးရိမ် ရတယ်လို့ သိရတယ်၊ နေအိမ် ပျက်စီးတာတွေလည်း ရှိမယ်၊ မီးလောင်တဲ့အနေအထားမဟုတ်ပေ မယ့် ပျက်စီးတာတွေတော့ရှိတယ်။ မနေ့က ပစ်ခတ်ရင်း နောက်ဆုံး အလုံးမှာ ပြောင်း ကွဲပြီး စစ်ခွေး ၄ ဦး သေတယ်၊ ပစ်ခတ်ရင်း ဟောင်ဝှစ်ဇာပြောင်းထိပ်ကွဲတာ၊ မီးခိုးလုံးတွေလည်းမြင်ရတယ်၊ တိုက်ပွဲမရှိဘဲနဲ့ ရမ်းပစ်နေတာ၊” ဟု ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီး များဖြင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် အိမ်တိုင်း၊အိမ်တိုင်း ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ သေဆုံးသော စစ်သား ၁ ဦးအတွက် ပြင်ဆင်ထားသည့် နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)