ဖားကန့်တွင်စစ်ရေးတင်းမာ၊ ဗန်းမော်တွင် လက်နက်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်နေဟု KIAပြော
ဇူလိုင်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်မြို့တွင်လည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့် ၂လခန့်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားနေ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည့် ဖားကန့်မြို့ လက်ရှိစစ်ရေး အခြေအနေနှင့် KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ လက်ရှိစစ်ရေး အခြေအနေများကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။
” ဖားကန့်စစ်ရေးအခြေအနေက တင်းမာတဲ့အနေအထားဖြစ်ပါတယ်။ စကစ စစ်ကြောင်းတွေက အမှိုက်ပုံဆိုတဲ့ရွာရယ် နောက်မှော်မောင်းလျံဆိုတဲ့ ဆွတ်ငိုင်ယန်တို့မှာ ရှိပါသေးတယ်။ စစ်ကြောင်းသုံးကြောင်းရှိပါသေးတယ်။သူတို့က အပြင်ဘက် စစ်ကြောင်းထိုးထွက်တာမရှိသေးဘူး။ မနေ့က လေကြောင်းတွေလာပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာ နေ့တိုင်းလို ဖြစ်ပါတယ်။ ဒီနေ့လည်း သူတို့ရဲ့ တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၅ရက်တွင် ပြောသည်။
မြေပြင်ထိတွေ့တိုက်ပွဲမရှိသေးဘဲ စောင့်ကြည့်နေသည့် အနေအထားဖြစ်ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဗန်းမော်မြို့သို့ စစ်ကောင်စီက ရေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီ သင်္ဘောများ မရောက်သေးဟု ပြောသည်။
“စကစ (၂၁)နဲ့ ဗန်းမော်မြို့တွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ တပ်စခန်းတွေအားလုံးကတော့ နေ့တိုင်းလို လက်နက်ကြီးနဲ့ ပစ်ပါတယ်။ ဒရုန်းနဲ့ ဝဲပြီးမှ ပစ်တာမျိုးတွေရှိပါတယ်။ သူတို့ကို လေကြောင်းကနေ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ နေ့တိုင်းလိုချပေးတာ အဲဒါက ဗန်းမော်မြို့ပေါ်က အခြေအနေဖြစ်ပါတယ်။ သူတို့ပစ်တာနဲ့ ကျနော်တို့လည်း တုန့်ပြန်ပြီးမှ ပစ်တာဆိုတော့ လက်နက်ကြီးအသံတွေ ဗုံးသံတွေ နေ့တိုင်းကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့ကို စစ်လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းရန် စစ်သင်္ဘောများ မန္တလေးမြို့မှ ထွက်ခွာလာရာ စစ်သင်္ဘောအုပ်စုသည် ယနေ့(ဇူလိုင် ၂၅ရက်)တွင် ထီးချိုင့်မှ ဆက်လက်ထွက်ခွာရာ ကသာမြို့နယ်အတွင်း ရောက်ရှိနေဟု သတင်းရင်းမြစ်အချို့က ပြောသည်။
“ထီးချိုင့် အဝင်မှာ စကစ သင်္ဘောက အပြင်းအထန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့မနက် ၆နာရီ ထီးချိုင့်ကအထွက်မှာတော့ လက်နက်ကြီးပစ်ခတ်မှု နည်းပါတယ်။ အခုဆိုရင် ကသာနယ်ထဲ ရောက်သွားပါပြီ” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယမန်နှစ် ၂၀၂၄ကလည်း စစ်ကောင်စီသည် ဗန်းမော်မြို့ကို ရေကြောင်းမှ စစ်သင်္ဘောများအသုံးပြုပြီး လက်နက်ခဲယမ်း ဖြည့်တင်းရန် ကြိုးပမ်းခဲ့သော်လည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘောအများစု ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့သည်။
ယခု စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး ပူးပေါင်းတပ်များက သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင်လည်း စစ်သင်္ဘောအချို့ နစ်မြုပ်၊ ပျက်စီး၊ မီးလောင်ခဲ့သည်။
” အထက်ပိုင်း ရောက်မှ မြစ်ကကျဉ်းမှာပါ။ ဒီဖက်က မြစ်ရေပြင်ကျယ်လို့ပါ”ဟု ထီးချိုင့်မြို့နယ်အတွင်း စစ်သင်္ဘောအုပ်စု ပြင်းပြင်းထန်ထန် တိုက်ခိုက်မခံရသည့် အခြေအနေကို ဒေသသတင်းရင်းမြစ်က ပြောသည်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – Thierry Falise)
