မန္တလေးတွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွား

by

in

မန္တလေးမြို့ ဗိုလ်ချုပ်ရွာထဲက ရွှေဆိုင်ပိုင်ရှင်ရဲ့အိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနဲ့ ငွေကျပ်သိန်းထောင်ချီ ပါသွား၊
ဒေါ်လာ/MFP ၊ စက်တင်ဘာ – ၁၀

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်ရွာခေါ် ၁၀၁ လမ်းနဲ့ ၇၁ လမ်းရှိ ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို ဒီမနက်ပိုင်း လူတစ်စုက စီးနင်းဝင်ရောက် ဓားပြတိုက်ရာ ရွှေ ၁၀ပိဿာကျော်နဲ့ ငွေကျပ်သိန်းထောင်ချီ ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၀ရက် မနက် ၈နာရီဝန်းကျင်အချိန် ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို AD Van ဗင်ကားခဲရောင်နဲ့ လူခုနှစ်ဦးခန့် ရောက်လာပြီး သေနတ်နဲ့ချိန်ကာ ရွှေနဲ့ငွေတွေ လုယက် ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
ရွှေဆိုင်ပိုင်ရှင်ဟာ မန္တလေးမြို့ လမ်း၃၀၊ မင်္ဂလာစျေးအနီးမှာ ရွှေဆို်ငဖွင့်လှစ်ထားပြီး မနက်ပိုင်း ရွှေဆိုင်ကို သွားဖို့ ပြင်ဆင်နေချိန် ဓားပြတိုက်ခံရတာလို့ ဆိုပါတယ်။
“ချမ်းမြသာစည်မြို့နယ်၊ မြိုသစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B)လမ်းနေ အိမ်ရှင် ဦးရွှေဝင်း၏ နေအိမ်တွင် ရွှေနှင့် ငွေများ လုယူထွက်ပြေးမှု ဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စုံစမ်းခဲ့ရာ 3J/….၊ ADVAN ခဲရောင်ကားဖြင့် အမည်မသိ အမျိုးသား ခုနှစ်ယောက်ခန့်မှ ဦးရွှေဝင်း၏ နေအိမ်သို ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ ရွှေ ၁၀ ပိသာကျော်၊ ငွေသားသိန်း ၁၀၀၀ ခန့် တို့အား လုယက် ယူဆောင်သွားပြီး ၇၁ လမ်းအတိုင်း‌ မြောက်မှ တောင်သို မောင်းနှင်ထွက်ပြေးသွားကြကြောင်း” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
ဓားပြတိုက်သူတွေကို စစ်အုပ်စုက ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ဖမ်းဆီးအရေးယူနိုင်တာ အားနည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကျပ်သိန်းသောင်းချီတဲ့ ဓားပြမှုတွေမှာ စစ်အုပ်စု လက်အောက်ခံ ရဲ၊ ပျူစောထီူနဲ့ မီးသတ်တွေ ကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ပါတယ်။
#Mandalay_Free_Press_MFP


မန္တလေးတွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွား
ရန်ကုန်၊ စက်တင်ဘာ ၁၀
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာနှင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၈ နာရီအချိန် ချောင်ချောင်ရွှေဆိုင် ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ဖြစ်သော ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ် ၁ ရပ်ကွက် ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ နေအိမ်သို့ လူ ၇ ဦးက နစ်ဆန်းအေဒီဗင်ငွေရောင်ကားဖြင့်ရောက်ရှိလာပြီး သေနတ်များဖြင့် လာရောက်ဓားပြတိုက်ကြောင်း၊ ဦးရွှေဝင်းသည် ရွှေဆိုင်သို သွားရောက်ရန် ပြင်ဆင်နေချိန်ဖြစ်သည့်အတွက် ဓားပြတိုက်သူများက ရွှေများထည့်ထားသည့် ခြင်းများကို လုယက်သွားခဲ့ကြောင်း၊ ရွှေ ၁၀ ပိဿာခန့်နှင့်ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း သိရှိရသည်။
“ဒီမနက် ဓားပြတိုက်ခံရတာတော့ဟုတ်တယ်။ အသေးစိတ်တော့မသိရသေးဘူး။ ဓားပြတိုက်ခံရတဲ့ အိမ်က CCTV နဲ့ ဒီအနားက CCTV တွေတော့ ရဲတွေနဲ့ စစ်သားတွေလိုက်တောင်းသွားတယ်။ တရားခံတော့မမိသေးဘူးပြောတယ်”ဟု မြို့သစ် ၁ ရပ်ကွက်တွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓားပြတိုက်ခံရသည့် ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ ချောင်ချောင်ရွှေဆိုင်မှာ ချမ်းအေးသာစံမြိုနယ် လမ်း၃၀ မင်္ဂလာစျေးအနီးတွင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။