မင်းအောင်လှိုင်က အမေရိကန်နှင့်ပြေလည်ရန် ကြိုးစားနေချိန် မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမည့် ဥပဒေကြမ်း ၃ ခုကို အမေရိကန်လွှတ်တော် ကော်မတီများက အတည်ပြု
ရန်ကုန်၊ ဇူလိုင် ၂၃
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်နှင့်ပြေလည်ရေး ကြိုးစားနေချိန် မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမည့် ဥပဒေ ကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရေးရာ ကော်မတီများက အတည် ပြုလိုက်ကြောင်း သိရှိရသည်။
အမေရိကန်စံတော်ချိန် ဇူလိုင် ၂၂ ရက်နေ့( မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက်နေ့) အမေရိကန်အောက်လွှတ်တော်၏ ရေးရာကော်မတီများက မြန် မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်း ၃ ခုကို တစ်နေ့တည်း အတည်ပြုလိုက်ခြင်းဖြစ်သည်။
လက်ရှိ အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့မှုများအပြင် မြန်မာစစ်ကောင်စီကို ထပ်မံ၍ ပစ်မှတ်ထား ဦးတည် ပိတ်ဆို့ အရေးယူမည့် မြန်မာစစ်ကောင်စီထံသို့ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေး ဥပဒေကြမ်း No New Burma Funds Act (H.R.4423) ၊ မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့် Burma Genocide Accountability and Protection Act (Burma GAP Act) ဥပဒေကြမ်း တို့ကို အမေရိကန်အောက်လွှတ်တော်ရေးရာ ကော်မတီများက အတည်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်း ၃ ခုသည် ဥပဒေအဖြစ် အသက်ဝင်လာရေး အောက် လွှတ်တော်နှင့်အထက်လွှတ်တော်တွင် ဆက်လက် တင်သွင်း ဆုံးဖြတ် အတည် ပြုရမည်ဖြစ်ပြီး လွှတ်တော်ရေးရာ ကော်မတီများက ကန့်ကွက်သူမရှိဘဲ အတည် ပြုပြီးဖြစ်၍ ဥပဒေအဖြစ် အသက်ဝင်ရန် အလားအလာအများဆုံးဖြစ်နေသည်ဟု သိရှိရသည်။
မင်းအောင်လှိုင်က အမေရိကန်သမ္မတထရမ့်နှင့် အခွန်ကောက်ခံမှု တိုးမြှင့်မှု အပေါ် မူတည်၍ ဆက်ဆံရေး အဆင်ပြေရန် ကြိုး စားနေချိန် အမေရိကန်လွှတ်တော်က မြန်မာပြည်သူများကို ထောက်ခံအားပေးပြီး မြန်မာပြည်သူများ၏ဒီမိုကရေစီအရေး၊ တရားမျှတမှု၊ လူသားချင်းစာနာမှုနှင့် စစ်အုပ်စုလက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲဝင်နေသော မြန်မာပြည်သူများအတွက် တညီတညွတ်တည်း ရပ်တည်လျက်ရှိနေသည်ကို ဆက်လက် ပြသနေသည်ဟု အမေရိကန်ရောက် မြန်မာ့အရေးကျွမ်းကျင်သူတချို့က သုံးသပ်သည်။
အမေရိကန်လွှတ်တော်ရေးရာ ကော်မတီများက အတည်ပြုလိုက်သည့် ဥပဒေ ကြမ်း ၃ ခုအနက် BRAVE Burma Act (H.R.3190) သည် စစ်ကောင်စီနှင့် ဆက်စပ်နေသော နိုင်ငံပိုင် လုပ်ငန်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် လေယာဉ်ဆီထောက်ပံ့သူ နိုင်ငံခြားကုမ္ပဏီများကို ပိတ်ဆို့မှုများ တိုးမြှင့်ခြင်း၊ စစ်တပ် အာဏာသိမ်းထားသမျှ ကာလပတ်လုံး IMF-အပြည်ပြည်ဆိုင်ရာ ငွေကြေးရေးရန်ပုံငွေအဖွဲ့က မြန်မာစစ်ကောင်စီနှင့်ဆက်နွယ်နေသော အကူအညီပေးမှုများကို ကန့်သတ်ရေး လုပ်ဆောင်ရန်ဖြစ်သည်။
Burma Genocide Accountability and Protection Act (Burma GAP Act) ဥပဒေကြမ်းက ရိုဟင်ဂျာ ဒုက္ခသည်များနှင့် နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် ပြစ်ဒဏ်ပေးမှု ဆောင်ရွက်ခြင်း၊ ရိုဟင်ဂျာအပါအဝင် လူမျိုးစုအားလုံး ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးခြင်း တို့ပါဝင်သည်ဟု သိရှိရသည်။
No New Burma Funds Act (H.R.4423) ဥပဒေကြမ်းမှာမူ စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုများ ပိတ်ပင်ခြင်း၊ စစ်ကောင်စီထံသို့ငွေလွှဲပြောင်းမှုများကို ပိတ်ဆို့ အရေးယူခြင်း တို့ပါဝင်သည်။
“ဒီတစ်ပတ်ထဲမှာ အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာလအထိ ခေတ္တ ရပ်နားဖို့ရှိနေတဲ့အတွက် ဆောင်းဦးရာသီလောက်မှ ဥပဒေအဖြစ် အတည် ပြုရေး ကိစ္စတွေ ဆက် လက် ဖြစ်ပေါ်လာမှာ” ဟု အမေရိကန်ရောက် မြန်မာ့အရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုသည်။
အမေရိကန်လွှတ်တော်ရေးရာ ကော်မတီများက အတည်ပြုလိုက်သည့် ဥပဒေ ကြမ်း ၃ ခုသည် အမေရိကန်အနေဖြင့် မြန်မာပြည်သူများ၏ဘက်တွင် ရပ် တည်နေပြီး တရားမျှတမှု၊ လူမျိုးစုအားလုံးပါဝင်မှုနှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ထောက်ခံနေပြီး စစ်ကောင်စီ၏ အရင်းအမြစ်များကို ဖြတ်တောက်ရန်၊ နွေဦးတော်လှန်ရေးနှင့် မြန်မာပြည်သူများကို ပံ့ပိုးရန် ၊ စစ်တပ်ကျူးလွန်ထားသော ရာဇဝတ်မှုသက်သေများကို ရှာဖွေထောက်ပံ့ ကူညီပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
