နောင်ချိုကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်များ သုံးသပ်ကာ နယ်မြေ စိုးမိုးရေး အရှိန်အဟုန်ဖြင့် ဆက်လုပ်မည်ဟု စိုးဝင်း ကြုံးဝါးပြန်

နောင်ချိုကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်များ သုံးသပ်ကာ နယ်မြေ စိုးမိုးရေး အရှိန်အဟုန်ဖြင့် ဆက်လုပ်မည်ဟု စိုးဝင်း ကြုံးဝါးပြန်
ရန်ကုန်၊ ဇူလိုင် ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ကို အောင်ဇေယျစစ်ဆင်ရေးဖြင့် ပြန်လည်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်များကို သုံးသပ်ကာ နယ်မြေစိုးမိုးရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု အကြမ်းဖက် ဒုစစ်ခေါင်း ဆောင် စိုးဝင်းက ပြောဆိုကြုံးဝါးသည်။
ယမန်နေ့ နောင်ချိုမြို့သို့ သွားရောက်ပြီး နောင်ချိုမြို့ ပြန်လည် သိမ်းပိုက်ရေးတွင်ပါဝင်ခဲ့သော အရာရှိနှင့်စစ်သည်များကို ရာထူးတိုးအဆင့်တိုး ဆုချီးမြှင့်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
အကြမ်းဖက် စိုးဝင်းက နောင်ချိုမြို့ကို စစ်တပ်က အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ နောက်ကွယ်မှ အဆင့်မြင့် နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြှောက်မှုများနှင့် ထောက်ပံ့မှုများကြောင့် နောင်ချိုဒေသတစ်၀ိုက်မှ အဆင့် ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရကြောင်း၊ ယင်းနောက် တောင်ခမ်းတပ်နယ်တွင် ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးဖြင့် နောင်ချိုကို ပြန်လည် သိမ်းပိုက်ခဲ့ရကြောင်း ပြောဆိုသည်။
နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် အရှိန် အဟုန်ဖြင့် ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချသွားရန်လိုကြောင်း စိုးဝင်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် စိုးဝင်းက နောင်ချိုမြို့သို့ ရောက်ရှိစဉ် မြို့ပြန်လည် သိမ်းပိုက်ရေးတွင် ပါဝင်ခဲ့သော စစ် သားနှင့်အရာရှိများကို အဆင့်တိုး၊ ရာထူးတိုးများ ပေးအပ်ခြင်းကို နောင်ချိုမြို့ ရှေ့တန်းစစ်မြေပြင်တွင်ပင် လုပ်ဆောင်ပြခဲ့သည်။