◾ရန်ကုန်မှာ စစ်ကောင်စီ ဧည့်စာရင်းအကြောင်းပြ လူငယ်တွေ ဖမ်းဆီးနှိပ်စက်ခံရမှု ပိုမိုဆိုးရွားလာ ◾မြောက်ဥက္ကလာမှာ ဧည့်စာရင်းကြောင့် ၂၀ ဦးခန့်ဖမ်းဆီးခံရ

by

in

◾ရန်ကုန်မှာ စစ်ကောင်စီ ဧည့်စာရင်းအကြောင်းပြ လူငယ်တွေ ဖမ်းဆီးနှိပ်စက်ခံရမှု ပိုမိုဆိုးရွားလာ
◾မြောက်ဥက္ကလာမှာ ဧည့်စာရင်းကြောင့် ၂၀ ဦးခန့်ဖမ်းဆီးခံရ
CJ Platform

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံတွေဟာ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ဖိနှိပ်မှုတွေ ပိုလုပ်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဒေသအသီးသီးကဒေသခံတွေ ရန်ကုန်တိုင်းအတွင်းသို့ စစ်ဘေးတိမ်းရှောင်လာတာများပြားလာပြီးနောက်ပိုင်း ပြီးခဲ့တဲ့လအတွင်းကစလို့ ပိုမိုဖိနှိပ်လာတာပါ။
“အဆောင်ကို ဧည့်စာရင်းစစ်တာ။ ကောင်လေးတွေက အညာကနေအလုပ်လာလုပ်တာ။ ဧည့်စာရင်းရက်ကျော်သွားတာထင်တယ်။ အဲဒါကို ရုံးကိုခေါ်သွားပြီး ရိုက်နှက်ကြတာ။ အညာကဆိုတော့ ပိုမဲပြီးလုပ်တာထင်ပါတယ်။ ပြန်ရောက်လာတော့ ညိုမဲစွဲနေတာပဲ ဒဏ်ရာတွေက။ အခုဒီမှာမနေရဲကြတော့လို့ ပြောင်းသွားကြပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အဆောင်တစ်ခုမှ အဆောင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခုလိုအကြမ်းဖက်မှုတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် လူမိုက်တွေက လုပ်ဆောင်နေကြတာလို့ အဆိုပါ မြောက်ဥက္ကလာပမြို့ခံက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဧည့်စာရင်းကြောင့် ဖမ်းဆီအကြမ်းဖက်ခံရသူနဲ့ ဒဏ်ငွေအရိုက်ခံရသူဟာ ၂၀ ဦးလောက်ထိ ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရဲစခန်းမှာ ရက်သတ္တပတ်တစ်ပတ်ကြာတဲ့အထိ အချုပ်ထဲထည့်ထားတာတွေလည်း စစ်ကောင်စီလက်အောက်ခံတွေက ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဧည့်စာရင်းစစ်ရင်း၊ သူတို့မသင်္ကာတဲ့ လူငယ်ကောင်လေးတွေဆို ဖုန်းတွေပါစစ်ပြီး တစ်ခုခု သူတို့အလိုမကျတာတွေ့တာနဲ့ တစ်ပတ်လောက်ကို ရဲစခန်းမှာဖမ်းထည့်ထားတာ။ ကိုယ်တွေလည်း ဘာမှမတတ်နိုင်ဘူး။ အတတ်နိုင်ဆုံး ဧည့်စာရင်းပုံမှန်တိုင်ဖို့ပဲ ပြောပေးနိုင်တယ်လေ” လို့ လှိုင်သာယာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်က ရပ်ကွက်တွေအတွင်း ရှောင်တခင်ဧည့်စာရင်းစစ်လို့ စက်ရုံအလုပ်သမားအများအပြား ဖမ်းဆီးဒဏ်ငွေဆောင်ခိုင်းခံခဲ့ကြရတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ ဧည့်စာရင်းကို ၁၄ ရက်တစ်ခါ အသစ်တိုင်ရပြီး တစ်ခါတိုင်တိုင်း ကျပ် ၂၀၀၀ ပေးရကာ ရက်ကျော်ဒဏ်ကြေးအဖြစ် ကျပ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ပေးဆောင်နေကြရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ မှာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစုံတရာ တောင်းခံခြင်းမပြုရ” လို့ ပြဌာန်းထားပေမဲ့ အဲဒီအချက်ကို ချိုးဖောက်ပြီး အဓမ္မ ငွေကြေးတောင်းခံနေကြပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – CJ