နောင်ချိုတိုက်ပွဲအတွင်း ဓနုတပ်ကတပ်ရင်းမှူး လက်နက်ကြီးထိ ကျဆုံးခဲ့
——-
BVJ/မိုနာ_ ဇူလိုင် ၁၅၊ ၂၀၂၅
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAနဲ့အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA လည်းပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။
TNLAထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုစစ်ကောင်စီက ပြန်လည်ရရှိရေးထိုးစစ်အတွင်းမှာ နောင်ချိုမြို့ကိုကာကွယ်ရင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLFက တပ်ရင်းမှူးကျဆုံးသွားတယ်လို့ သိရပါတယ်။
“(ဓါတ်ပုံထဲက)အရပ်ရှည်နဲ့တယောက်က ခွဲမှူးပါ၊ တောင်ခမ်းတိုက်ပွဲမှာကျပါတယ်။ ။ ကျန်တဲ့တယောက်က တပ်ရင်းမှူးပါ။ နောင်ချိုတိုက်ပွဲမှာ လက်နက်ကြီးထိပြီးကျဆုံးသွားပါတယ်။ ၁၅ရက်လောက်ပဲရှိပါသေးတယ်” လို့ DPLF/DPLA အမျိုးသမီးတပ်ရင်းမှူးလည်းဖြစ် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့ မရတနာက Burma VJကို ပြောပါတယ်။
DPLF/DPLAဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ဂူ အင်တော၊ တောင်းခမ်း၊နောင်ချို၊ ကျောက်မဲ၊ သီပေါတိုက်ပွဲတွေမှာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
လက်ရှိမှာလည်း နောင်ချိုမြို့မှာ တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ မရတနာက ပြောပါတယ်။
“မပြည့်စုံတဲ့ကြား အခက်အခဲကြားကနေပြီး အခုအချိန်ထိ တိုက်ပွဲဝင်နေဆဲပါပဲရှင့်။ နောက်မဆုတ်သေးပါဘူး”
ဒါ့အပြင် စစ်ကောင်စီကပြန်သိမ်းယူဖို့ကြိုးစားနေတဲ့ နောင်ချိုတိုက်ပွဲရှေ့တန်းက တိုက်ပွဲဝင်ရဲဘော်တွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့စစ်ဝတ်တန်ဆာတွေ လိုအပ်ချက်ရှိနေပြီး ဒါတွေကိုဖြည့်တင်းနိုင်ဖို့အတွက် DPLF/DPLAက ကမ်ပိန်းပြုလုပ်နေပါတယ်။
ကမ်ပိန်းရည်မှန်းချက်ကို ငွေကျပ်သိန်းနှစ်ထောင်ခန့်မှန်းထားပြီး ကမ်ပိန်းကာလဟာ ပြီးခဲ့တဲ့လ ဇွန် ၂၅ရက်ကနေ လာမယ့် သြဂုတ်လ ၈ရက်နေ့အထိဖြစ်တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီကိုပြန်လည်လွှဲအပ်ပေးဖို့အတွက် တရုတ်ကလည်း TNLAကို ဖိအားပေးမှုတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းသုံးကြောင်းခွဲ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေအပါအဝင် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
စစ်အုပ်စုထောက်ခံသူတွေဘက်ကတော့ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းဝင်ရောက် ရှင်းလင်းကာ တောင်ပိုင်းရပ်ကွက်ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်းနဲ့ မြို့တွင်းရှင်းလင်းတာကိုဆက်လုပ်နေတယ်လို့ ဓါတ်ပုံတွေနဲ့အတူ ဇူလိုင် ၁၃ရက်ညပိုင်းမှာ ဝါဒဖြန့်ရေးထားကြပါတယ်။
ဒီပေါ်မှာ TNLAကငြင်းဆိုထားပြီး နောင်ချိုကနေနောက်မဆုတ်ဘဲ ဆက်လက်ခုခံကာကွယ်နေဆဲဖြစ်တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပြောထားပါတယ်။
ပုံစာ-DPLFက ကျဆုံးရဲဘော်နှစ်ဦး
