စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ် ခွာလျှင် ပစ်သတ်ခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းများကို စစ်တပ်က လုပ်ဆောင်နေဟု အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆို

စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ် ခွာလျှင် ပစ်သတ်ခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းများကို စစ်တပ်က လုပ်ဆောင်နေဟု အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆို
ရန်ကုန်၊ ဇူလိုင် ၁၆

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ်ခွာလျှင် အရာရှိများက ပစ်သတ်ခြင်း၊ စစ်မှုထမ်းတပ်သားများကို မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် ၁ ရပ်ကွက်မှ မောင်အောင်သက်ထွန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲသို့ ရောက်ရှိခဲ့ကာ စစ်မှုထမ်း အပတ်စဉ် ၆/၂၀၂၄ ကို တက်ရောက်ခဲ့ရကြောင်း၊ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်သို့ ပို့ဆောင်ခံခဲ့ရကာ ရခိုင်စစ်မြေပြင်နှင့် ငဖဲမြို့နယ်၊ ပဒါန်း၊ နတ်ရေကန် စစ်စခန်းသို့ ရောက်ရှိခဲ့ပြီး ယခုဇူလိုင်လအတွင်း AA ထံတွင် အလင်းဝင်ရောက်ခဲ့သည်။
အလားတူ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကနာရပ်ကွက်မှ မောင်နေလင်းအောင်သည် အလုပ်ပြန်ချိန် ညပိုင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲသို့ သွပ်သွင်းခံရကြောင်း၊ ဟိုပုံး စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ / ၂၀၂၄ တက်ရောက်ခဲ့ပြီး တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်စခန်းတွင် တာဝန်ကျစဉ် AA ထံသို့ ထွက်ပြေး အလင်းဝင်ရောက်ခဲ့သည်။
၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စစ်တပ်တွင် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီတပ်၏ အရာရှိများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ရှေ့တန်းတွင် အသေခံခိုင်းခြင်းများ၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် အနိုင်ကျင့်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။
“ပြည်သူ့စစ်တွေကို ရှေ့တန်းမှာထားပြီး ရန်သူ့ဘက်က ဖိအားများလို့ ပြန်ပြီးဆုတ်လာပြီးဆိုရင်လည်း နောက်က အရာရှိများနဲ့ အရာခံများက မင်းတို့ ဘာလို့ ပြန်ဆုတ်တာလဲဆိုပြီး ပစ်တယ်။ ကျနော့်ရှေ့မှာတင်ပဲ ကျနော့်သူငယ်ချင်းကို သေနတ်နဲ့ပစ်တာ နောက်စိပွင့်သွားပါတယ်။ အဲဒီလိုမြင်ရတဲ့အခါ ကျနော်တို့လည်း ကြောက်တာပေါ့။ ရှေ့တက်ဆိုရင် တက်ရတာပေါ့။ ထွက်ပြေးတဲ့ လူတွေလည်းရှိပါတယ်။ ထွက်ပြေးတဲ့လူတွေလည်း မလွတ်မြောက်တာများတယ်။ ကျနော့် သူငယ်ချင်း ပစ ဆိုရင်လည်း ကိုရခိုင်လေးတို့ ကိုထွန်းမင်းတို့ဆိုရင် ပြန်မိတဲ့အခါကျတော့ AA စနိုက်ပါ လမ်းကြောင်း တောင်စောင်းတွေ အပင်တွေမှာ လက်ပြန်ကြိုးတွေတုပ်ပြီး တစ်နေကုန် ကြိုးနဲ့ ချိတ်ထား။ ဒီဘက်က ပစ်ရင်လည်း သေပေါ့။ အဲဒီလိုမျိုးလုပ်တာလည်းရှိတယ်။ ဟိုဘက်က လှမ်းပစ်ရင်လည်း သေရင် မြေမြှုပ်လိုက်မယ်ပေါ့။ ထွက်ပြေး မလွတ်မြောက်တဲ့လူတွေကို မြင်ပြီးတော့ ပစတွေက ကိုယ့်ခြေထောက်တွေ ကိုယ်ပြန်ပစ်တယ်။ ပေါင်တွေကို ပြန်ပစ်တယ်။ အဲဒီလို ပြန်ပစ်ပြီးတော့ ၄ ယောက်လောက်မြင်ခဲ့ဖူးတယ်။ အဲဒီလို ပြန်ပစ်တယ်ဆိုရင် သူတို့က ဆွဲခေါ်သွားပြီးတော့ ကမ္ဘာလုံးကြီးထဲ ခြောက်ပေါက်ထဲမှာ ထားတယ်။ ဆေးလည်း မကုပေးဘူး။ ဒီအတိုင်းပဲထားတယ်။ သေရင် သေပေါ့။ ပုတ်ရင်ပုတ်ပေါ့။ ပုတ်လို့ မသေဘူးဆိုရင်လည်း ထောင်ချမယ်လို့ အရာရှိတွေက ကြိမ်းဝါးတယ်” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား နေလင်းအောင်က ပြောဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါးများကို အသုံးပြုခွင့်ပေးထားပြီး နောက်တန်းထောက်ပို့တပ်ထံသို့ မူးယစ်ဆေးဝါး ဖုန်းဆက်၍ မှာယူနိုင်ကြောင်း သိရှိရသည်။
” မူးယစ်ဆေးဝါးသုံးစွဲကြတာလည်းဟုတ်တယ်။ ကုန်းပေါ်မှာ သုံးကြတယ်။ ကျနော်လည်း သုံးဖူးပါတယ်။ WY သုံးကြတာ။ ပဒါန်းက ထောက်ပို့တွေဆီမှာ ဖုန်းဆက်ပြီးတော့ မှာမှ ရတာ။ ၁ လုံးကို ၃သောင်းကျတယ်။ BE ဆီ တစ်လီတာကိုတော့ ၃ သောင်းကနေ ၈ သောင်းအထိ ပေါက်တယ်” ဟု စစ်မှုထမ်းတပ်သား နေလင်းအောင်က ရှင်းပြသည်။
အလားတူ အလင်းဝင် စစ်မှုထမ်းတပ်သားအောင်သက်ထွန်းကလည်း စစ်ကောင်စီတပ်မှ အရာရှိများက ထွက်ပြေးသော စစ်မှုထမ်းတပ်သားသစ်များကို AA က ပစ်သတ်မည်၊ လည်လှီးသတ်မည်ဟု ဝါဒဖြန့်ထားကြောင်း၊ ထို့ကြောင့် အလင်းဝင်လိုသော စစ်သားများမှာ မပြေးရဲ ဖြစ်ကြကြောင်း၊ လက်တွေ့တွင်မူ အလင်းဝင်တပ်သားများကို တော်လှန်ရေးတပ်များက နွေးထွေး ပျူငှာစွာ ဆက်ဆံသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။
“အလင်းဝင်ရင် သတ်မယ် ပြုမယ်လို့ ဗိုလ်ကြီးတွေက ပြောတော့ ကြောက်ခဲ့ပါတယ်” ဟု တပ်သား အောင်သက်ထွန်းက ပြောဆိုပြီး အလင်းဝင် တပ်သား နေလင်းအောင်ကလည်း “ပစတွေ တော်တော်များများ ရှေ့မှာ ထိုးကျွေးခံရတာများတော့ အလင်းဝင်တယ်။ မင်းတို့ကောင်တွေ အလင်းဝင်ရင်လည်း ပစ်သတ်မှာပဲ။ လည်လှီးသတ်မယ်။ မင်းတို့အသက်က ပေးရမှာပဲလို့ ပြောဖူးတယ်” ဟု ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်း သင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၅ အထိ ရောက်ရှိလာပြီဖြစ်သည်။