လက်ပံတန်း နှင့် မင်းလှ မြို့နယ်တို့တွင် စစ်တပ်က စစ်မှုထမ်းခိုင်းရန် လမ်းများကို ပိတ်ဆို့ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းအပို့ခံရ

လက်ပံတန်း နှင့် မင်းလှ မြို့နယ်တို့တွင် စစ်တပ်က စစ်မှုထမ်းခိုင်းရန် လမ်းများကို ပိတ်ဆို့ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းအပို့ခံရ
ရန်ကုန်၊ ဇူလိုင် ၁၅
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာလမ်းပိုင်းများကို ပိတ်ဆို့ ဖမ်းဆီးခြင်းကြောင့် လူငယ် ၅၅ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ လက်ပံတန်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာလမ်းပိုင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၅၅ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသော လူငယ် အားလုံးကို လက်ပံတန်းမြို့နယ် ထွေ/အုပ်ရုံး၌ ထားရှိပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ ဖြင့် လာရောက် ရွေးထုတ်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိသားစုဝင်များကို လိုက်လံ ပြောဆိုနေကြောင်း သိရှိရသည်။
“၃ ရက်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းခံရတာ လူက အများကြီးပဲ ၅၅ ဦးရှိတယ်လို့ သိရတယ်။ သူတို့ အကုန်လုံးကို မြို့နယ် ထွေ/အုပ်ရုံးမှာ ဖမ်းထားတုန်းပဲ ရပ်ကွက် အုပ်ကြီးတွေနဲ့ ကျေးရွာ အုပ်ကြီးတွေက တစ်ဦးကို သိန်း ၆၀ နဲ့ လာရွေးဖို့ လိုက်ပြောနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ မင်းလှမြို့နယ် ဘူတာတွင်လည်း ညအချိန် ရထားစောင့်နေသည့် ကညင်ပင်ရွာသား ဦးရဲကိုကို ကို စစ်ကောင်စီ တပ်သားများက ရိုက်နှက်ကာ စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် မင်းလှမြို့နယ် ဘူတာတွင် ခရီးသွားရန် စောင့်ဆိုင်းနေသည့် ကညင်ပင်ရွာသား ဦးရဲကိုကို ကို အကြမ်း ဖက် စစ်သားများက ဝိုင်းဝန်းရိုက်နှက်ပြီး ကားပေါ်သို့ တင်ဆောင်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် မိသားစုဝင်များက လိုက်လံ စုံစမ်းစဉ် ဦးရဲကိုကို သည် သဲကုန်းမြို့တွင် ရောက်ရှိနေပြီး သဲကုန်း လဝက နှင့် မင်းလှ လဝက တို့က ပူးပေါင်းပြီး စစ်မှုးထမ်းထည့်ရန် လုပ်ဆောင်နေ​ကြောင်း သိရသည်။
“မင်းလှ ဘူတာမှာ ခရီးသွားဖို့ ညဘက် ရထားစောင့်နေတုန်း ဦးရဲကိုကို ကို စစ်ခွေးတွေက တရားခံဖမ်းသလို ရိုက်နှက်ပြီး အတင်းပေါ်တာဆွဲသွားတာ သူက အခု သဲကုန်းမြို့ကို ရောက်နေတယ်လို့ သိရတယ်။ သဲကုန်း လဝကနဲ့ မင်းလှ လဝက တို့ ပူးပေါင်းပြီး စစ်မှုထမ်း ထဲထည့်ဖို့ လုပ်ဆောင်နေ​တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခုဇူလိုင်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၅ ကို ဖွင့်လှစ်မည်ဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)