ထူးကြီးတွင် စစ်မှုထမ်းငှားရမ်းခ ကျပ်သိန်း ၁၇၀ အထိပေါက်စျေးရှိ၍ ငွေမပေးနိုင်ပါက နေအိမ် ချိပ်ပိတ်မည်ဟု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ခြိမ်းခြောက်
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ ငှားရမ်းခ ကျပ်ငွေ သိန်း ၁၇၀ ထိပေါက်စျေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်မှုထမ်းငှားရမ်းခ ကျပ်သိန်း ၁၇၀ အထိ ပေါက်စျေးရှိ၍ ထူးကြီးမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုလျှင် ကျပ်ငွေ သိန်း ၁၇၀ ပြည့်မီအောင် ပေးဆောင်ရမည်ဟု အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရာဇာထွန်း( ခ) ရာဇာကြီးနှင့် အဖွဲ့ကပြောဆိုခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
“မနေ့က ရပ်ကွက်အားလုံး အစည်းဝေးလုပ်ကြတယ်။ အုပ်ကြီးနဲ့ အပေါင်းအပါတွေက သူတို့ သတ်မှတ်တဲ့ ပိုက်ဆံမပေးရင် အကုန်ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ မနက်ဖြန်ကို မြို့တွင်းစီးပွားရေး လုပ်ငန်းရှင် သူဌေးတွေကို အစည်းဝေးခေါ်ပြီး ငွေတောင်းဖို့ ဆွေးနွေးကြလိမ့်အုံးမယ် “ဟု ထူးကြီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။
ရပ်ကွက်အလိုက် ပြည်သူ့စစ်မှုထမ်းတစ်ဦးငှားလျှင် ကျပ်ငွေ သိန်း ၁၇၀ ပေးဆောင်ရမည့်အပြင် ပြည်သူ့စစ်မှုထမ်း မဲနှိုက်သူတစ်ဦးချင်းစီတိုင်းကိုလည်း တစ်လလျှင် ကျပ်ငွေ တစ်သိန်း (သို့) ကျပ်ငွေ နှစ်သိန်း ထပ်မံပေးဆောင်ရမည်ဖြစ်ပြီး မဲနှိုက်ခြင်းမပြုရသည့် နေအိမ်များကိုလည်း အလှူခံမည်ဟု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကပြောဆိုထားကြောင်း မြို့ခံများကဆိုသည်။
ထို့ပြင်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ၎င်းတို့ သတ်မှတ်ထားသည့်အတိုင်း ငွေကြေး မပေးဆောင်သည့်နေအိမ်များကို တရားစွဲ၊ ထောင်ချ၊ ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများက ပြောကြားသည်။
လက်ရှိ ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင်အာရက္ခတပ်တော် (AA) ပူးပေါင်း တပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အင်အား လုံလောက်မှု မရှိ၍ လုံခြုံရေးအကြောင်းပြကာ ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေးခိုင်း စေလျက်ရှိသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် စစ်ကောင် စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ် ဆောင်လာပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းများ
#ထူးကြီး #ပြည်သူ့စစ်မှုထမ်းငှားရမ်းခ #သိန်း၁၇၀ပေါက်စျေး #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ငွေတောင်း #နေအိမ်ချိပ်ပိတ်မည် #Ayeyarwaddy_Times
ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာမှ ပြည်သူတစ်ဦးကို နွားခိုးမှုတွင် ပါဝင်သည်ဟုဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှ သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၅
ဧရာတီတိုင်း ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာတွင် ပြည်သူတစ်ဦးကို နွားခိုးမှုတွင် ပါဝင်သည်ဟုဆိုပြီး မြင်းကကွင်းနယ်မြေရဲစခန်းက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် အသက် ၃၆ နှစ်အရွယ် ကိုဇော်မျိုးကို နွားခိုးမှုတွင် ပါဝင်သည်ဟုဆိုကာ မြင်းကကွင်းရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက်ရဲစခန်းတွင် ရဲများက ရိုက်နှက်စစ် ဆေးရာမှ လက်လွန်သွားပြီး ကိုဇော်မျီုး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“အဲဒီအတွက် ရဲများက တာဝန်မယူပေးပါ။ ရိုက်နှက် စစ်ဆေးသူထဲမှာ မြင်းကကွင်းကျေးရွာ သဲလမ်းရပ်ကွက်နေ ထောင်ထွက် လူမိုက် သားသားနဲ့အတူ ရဲတွေက ရိုက်နှက် စစ်ဆေးကြရာက သေဆုံးသွားပါတယ်။ “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။
ပုသိမ်မြို့နယ်၊ မြင်းကကွင်းနယ်မြေ ရဲစခန်းတွင် ထိုသို့ ပြည်သူများကို မသင်္ကာ၍ ဖမ်းဆီးခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသည့် အမှုများ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူသတ်မှုကျူးလွန်သောရဲများကို အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။