မူးယစ်ဆေးအမှုမှ လာရောက်အဖမ်းခံသူ တပ်ခွဲမှူးအား စစ်ဆေးနေဟုဆို
ဇူလိုင်-၁၄၊၂၀၂၅။ရဲခေါင်/People’s Spring
မူးယစ်ဆေးအမှုမှ လာရောက်အဖမ်းခံခဲ့သူ တပ်ခွဲမှူးကျော်မင်းဇော် (ခ)ပုတီးကို စတင်စစ်ဆေးနေကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force(SSTF)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
၂၀၂၅ ဇူလိုင် ၁၂ ရက်တွင် ဆားလင်းကြီးမြို့နယ် ပ.က.ဖ ဒုတာဝန်ခံ ကိုဖိုးလုံးထံ ဆက်သွယ်ကာလာရောက်အဖမ်းခံခဲ့သော ကိုကျော်မင်းဇော်ကို ဇူလိုင် ၁၃ရက်တွင် မြို့နယ် ပ.က.ဖ ဒုတာဝန်ခံနှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅)မှတာဝန်ရှိသူများ ပူးပေါင်းကာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းအသိပေးသည်။
တပ်ရင်းမှူး၏ ထောက်ခံစာအား အလွဲသုံးစားပြုလုပ်ကာ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းကို လုံးဝလက်ခံခြင်းမရှိဟုလည်း ဖော်ပြထားသည်။
အဆိုပါအမှုတွဲတွင် ပါဝင်ပတ်သက်သူအားလုံးကိုလည်း အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အရေး ကြိုးစားဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
Salingyi Special Task Force ၏ ထုတ်ပြန်စာနှင့်အတူ ကိုကျော်မင်းဇော်အား စစ်ဆေးမှုနေသည့် ၁၅ မိနစ်ကြာ ရုပ်သံမှတ်တမ်းတွင် မူးယစ်ဆေးဝါးချိတ်ဆက်သယ်ဆောင်မှုများကိုလည်း ပါရှိသည်။
“တော်လှန်ရေးလုပ်ရင်းနဲ့ ကျွန်တော်အတွေးတွေများ သွားတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသိတဲ့ ကိုစိုင်းနဲ့လိုင်းပေါ်မှအချိတ်အဆက်ရသွားတယ်။အဲဒီလိုပဲ မင်းဒီလိုလုပ်ရင် ဒီလိုဒီလိုရနိုင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ အဲဒီနေရာတွေကို ကျွန်တော် ဆိုင်ကယ်နဲ့တစ်ခေါက် နှစ်ခေါက်ရောက်ပါတယ်။လမ်းကြောင်းအခြေအနေ စစ်ပြီးတော့လည်း နောက်ထပ်ကားနဲ့ကျွန်တော် ဆက်တက်ပါတယ်။ဆိုင်ကယ်နဲ့တက်တဲ့တစ်ခေါက်ကတော့ ကျွန်တော် ပိုက်ဆံမရပါဘူး။သူတို့က အစမ်းသဘောနဲ့။အခုမတိုင်ခင်အရင်တစ်ခေါက်က ကျွန်တော် သိန်းတစ်ရာ ရပါတယ်။ကျွန်တော် နှစ်ခေါက်ရှိပါပြီ”ဟု ကိုကျော်မင်းဇော်က ပြောသည်။
သို့သော် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သူများက ပစ္စည်းပို့သည်မှာ လေးကြိမ်ရှိသည် ဆိုသောထွက်ဆိုချက်ကို စစ်ဆေးသူများက ဖြေရှင်းချက်တောင်းသည်။
“သူတို့မသိပါဘူး။ပထမ တစ်ခေါက်နဲ့ဒုတိယတစ်ခေါက်က ဖောက်ခွဲရေးပစ္စည်း သွားသယ်တာပါ။ကလေးတွေက ကျွန်တော်ခိုင်းတာ လုပ်ရတဲ့အတွက်ဘယ်သူက ဘာမှန်းမသိပါဘူး။တတိယတစ်ခေါက်နဲ့ စတုတ္ထတစ်ခေါက်မှာ မူးယစ်ဆေးဝါးပါ ပါတယ်”ဟု ကိုကျော်မင်းဇော်က ထွက်ဆိုသည်။
တပ်ရင်းမှူး၏ ထောက်ခံစာကို အသုံးချခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှု ဖြစ်စဥ်တွင် ဆားလင်းကြီးမှ မည်သည့်အဖွဲ့အစည်းမျှမသိရှိခဲ့ဟု ၎င်းက ဆက်လက်ပြောသည်။
“မုံရွာကနေတဆင့် ကိုစိုင်းက သူ့နည်းသူ့ဟန်နဲ့ကျွန်တော့်ဆီ ပို့ပေးတာပါ။ကလေးနယ်အစပ်ထိပို့ရပါတယ်။ကိုစိုင်းနဲ့ပဲ ချိတ်တာပါ။ကလေးနယ်ရောက်ပြီဆိုတာနဲ့သူတို့က ကားလွှတ်ပြီး လာယူခိုင်းပါတယ်။အဲဒီမှာကားချင်း ချိန်းပြီးသူတို့က လာယူသွားပါတယ်။ကိုစိုင်းက ကွတ်ခိုင်ကပါ”ဟု မူးယစ်ဆေးမှုဖြင့် အဖမ်းခံခဲ့သူ ကိုကျော်မင်းဇော်က ပြောသည်။
၎င်းအနေဖြင့် ကိုယ့်အပြစ် ကိုယ်သိ၍ မိခင်တပ်ရင်းသို့ အဖမ်းခံခြင်းဖြစ်ကာ တစ်ဦးတည်းလုပ်ခဲ့ခြင်းဟု အသိပေးသည်။ထို့အပြင် တပ်ရင်း၊တပ်ဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရကပေးသည့် ပြစ်ဒဏ်ကိုခံယူသွား မည်ဟုလည်း ဆိုသည်။
ယင်းမာပင်ခရိုင်တပ်ရင်း(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၈ရက်တွင် CDFဟားခါးတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်တွင် တော်လှန်ရေးရဲဘော် သုံးဦး၊ ယာဉ် မောင်းတစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် နှစ်လက်၊ Mini Starlink နှစ်ခုတို့ ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် (ခ)ဝင်းမော်နှင့် ကိုကျော်မင်းဇော်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဟားခါး CDFက ထုတ်ပြန်ခဲ့သည်။
ရဲဘော် လေးဦး၊ကားနှစ်စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာပေးအပ်ခဲ့သည်မှာ မှန်ကန်သော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်ဖြစ်သည်ဟု Salingyi Special Task Force(SSTF)က ဇူလိုင်လ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။
“နယ်ခြား ခရီးသွားထောက်ခံစာရေးတဲ့အခါ အရင်ဆုံး မိမိတို့ရဲ့ သက်ဆိုင်ရာ ကွပ်ကဲရေးအဖွဲ့ကို လိပ်မူရတယ်။ (အသိပေး အကြောင်းကြားရတယ်)ပြီးရင် စာအမှတ် / ထောက်ခံချက်အမှတ် / ရက်စွဲ ပါရတယ်။အဲ့ဒီအောက်မှာမှ အကြောင်းအရာကို သေချာစိစစ်ပြီးမှ ရေးရတယ် ၊ ထောက်ခံ ရတယ်။မိတ္တူမှာ ကိုယ်သွားရောက်မယ့် ဒေသမှ တာဝန်ရှိသူတွေရဲ့ အဖွဲ့အစည်းကို ထည့်ပေးရတယ်။တပ်ရင်းဖြစ်နေပြီး ထောက်ခံစာကို အပေါ စားဆန်ဆန် မရေးကြနဲ့ မဆိုင်တဲ့ PDF တွေပါ သိက္ခာကျရတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက တပ်ရင်းထောက်ခံစာနှင့်ပတ်သက်၍ ပြောသည်။
ဖမ်းမိရန် ကျန်ရှိနေသေးသည့် မောင်ဇော်လတ် (ခဝင်းမော်နှင့်ပတ်သက်၍ Salingyi Special Task Force(SSTF)က အသိပေးခြင်းထား မရှိသေးပေ။
“သူတို့အခု ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းက သူခိုးအဆင့် စစ်တဲ့စစ်ချက်တွေလောက်ပဲရှိတာ။မေးတာ ဘာတစ်ခုမှ မပြည့်စုံဘူး။တကယ်လုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြောရရင် အခုလို ကိစ္စကြီးတဲ့ တော်လှန်ရေးကိုသက်ရောက်တဲ့ ကိစ္စကတော့ မြို့နယ်အဆင့် မဟုတ်ဘဲ တိုင်းအဆင့်ဝန်ကြီးဌာနအဆင့် စစ်ဆေးပြီး အစကနေ ချပြရမယ်။တော်လှန်လူထုကို ဖော်ပြရမယ်”ဟု ယင်းမာ ပင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
CDF ဟားခါးက ဖမ်းဆီးခဲ့သော ရဲဘော်များနှင့် မူးယစ်ဆေးဝါးအမှုကို အပြည့်အ၀ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဟု SSTFက ဆိုထားသည်။
အဖွဲ့အစည်းနာမည် အသုံးချကာ ကျူးလွန်သော ဒုစရိုက်မှုများကို အဖွဲ့အစည်းအနေနဲ့ လက်မခံကြောင်းနှင့် နောက်နောင် ယခုပုံစံဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်းမရှိစေရန် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမည်ဟု SSTFက အသိပေးသည်။
ဖမ်းဆီးထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ဇူလိုင် ၉ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူများကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ထားသည်။
ယင်းမာပင်ခရိုင်တပ်ရင်း (၁၄)နှင့် (၁၅)သည် MOD အောက်၌ရှိသည်ဆိုသော်လည်း MOD၏ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိသည်မှာကြာပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကို လူထုအထင်အမြင်လွဲမှားစေမည့် ယင်းဖြစ်စဉ်အား ထိထိရောက်ရောက်စစ်ဆေးပေးရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။
(မူးယစ်ဆေးအမှုမှ လာရောက်အဖမ်းခံခဲ့သူ တပ်ခွဲမှူးကျော်မင်းဇော် (ခ)ပုတီးကို စတင်စစ်ဆေးနေစဉ်။ ဓာတ်ပုံ – Screen Grab)