နိရဉ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၅
ရန်ကုန်တိုင်း၊ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်းခံရသူများအား ရပ်ကွက် တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်အကြားတွင် အရောင်းအဝယ်ပြုလုပ်မှုများရှိနေသည်ဟု အမည်မဖော်လိုသူ ရန်ကုန်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။
“ အခုက ရန်ကုန်က မြို့နယ်တချို့က ရပ်ကွက်တွေမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေကို ရပ်ကွက်ရုံးက အချုပ်ခန်းထဲမှာ ချုပ်ထားပြီး တစ်ခြားရပ်ကွက်ကို ပြန်ရောင်းစားတဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်” ဟု ပြောသည်။
ထိုအထဲတွင်တောင်ဥက္ကလာပ(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်းပါဝင်သည်ဟု ၎င်းက ပြောသည်။
တောင်ဥက္ကလာပ (၁၀) ရပ်ကွက်ရုံးထဲတွင် လျို့ဝှက် အချုပ်ခန်းပုံစံလုပ်ပြီး လမ်းသွားလမ်းလာများအား ရဲများနှင့် ပူးပေါင်း ဖမ်းဆီးစုဆောင်းကာ စစ်မှုထမ်းရန် လူလိုအပ်နေသည့် ရပ်ကွက်များသို့ ရောင်းချမှုများ ရှိနေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။
“ တောင်ဥက္ကလာပ(၁၀) ရပ်ကွက်ရုံးခန်းမှာအချုပ်ခန်းလိုလျို့ဝှက်အခန်းတစ်ခန်းပြုလုပ်ထားပြီး စစ်မှုထမ်းဖို့ဖမ်းမိထားတဲ့လူငယ်တွေကို ပိတ်လှောင်ထားပါတယ်။ အဲဒီအခန်းထဲမှာအနည်းဆုံးလူငယ် ၄ဦးမှ၅ဦးခန့် အမြဲရှိနေပါတယ်။ဒီ(၁၀)ရပ်ကွက်ရုံးကတစ်ဆင့်ဖမ်းထားတဲ့လူငယ်တွေကိုတစ်ယောက်ကို သိန်း ၃၀၊ သိန်း ၅၀ ယူပြီး တခြားရပ်ကွက်တွေမှာ ရောင်းစားမှုတွေပြုလုပ်နေပါတယ်။ဒီလို လုပ်နေတာ ကြာမြင့်နေပါပြီ။ဒီနေ့အထိအဲဒီရုံးထဲမှာဖမ်းဆီးခံ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေရှိနေတာမို့ပျောက်ဆုံးနေတဲ့ လူငယ်တွေရဲ့မိဘတွေကိုသိစေအပ်ပါတယ်”လို့ သူက ပြောပါတယ်။
တချို့ ချမ်းသာသည့် မိသားစုများအနေဖြင့် စစ်မှုထမ်းရန် စာရင်းပါသည့် သူတို့၏ သားသမီးများ စစ်မှုမထမ်းစေလိုသဖြင့် အဆိုပါ သူတို့သားသမီးများနေရာတွင် လူစားထိုးရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား လာဘ်ငွေ သိန်းရာချီပြီး ပေးဆောင်ကြရသည်ဟု သိရသည်။
“ ဒီရက်ကွက်မှာ လူစားထိုးဖို့ လူလိုတယ်ဆိုရင် တစ်ခြားရပ်ကွက်တစ်ခုက စုဆောင်းခံရတဲ့ လူငယ်ကို ရောင်းလိုက်တယ်။ ဒီလို ရောင်းချတဲ့ အထဲမှာ တောင်ဥက္ကလာ ၁၀ ရပ်ကွက်ပါဝင်ပတ်သက်နေတယ်။ အရောင်းအဝယ်က ကျပ်သိန်းသုံးဆယ်၊ လေးဆယ်- ငါးဆယ်အထိ စျေးပေါက်တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တောင်ဥက္ကလာ ၁၀ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ရဲများနှင့်ပေါင်းပြီးအပြစ်မဲ့ လမ်းသွားလမ်းလာ လူငယ်တော်တော်များများအား စစ်မှူထမ်းရန်အတွက်ဖမ်းဆီးခြင်းများကိုပြုလုပ်နေသည်ဟုလည်း၎င်းက ဆက်လက်ပြောဆိုသည်။
“ ဖမ်းမိရင် ပြန်ရွေးဖို့ အနည်းဆုံး ငွေ သိန်း ၃၀ လိုတယ်။ ချင်းချင်းဆိုရင် ၃၀သိန်းကနေ ၅၀သိန်းလို့သိရပါတယ်။လက်ရှိ ဖမ်းဆီခံထားရတဲ့မောင်ချစ်ကို (၂၃)နှစ်ခန့်က လက်ရှိ တဥက္ကလာ (၁၀) ရက်ကွက်မှာ အဖမ်းခံထားရတယ်။ ပိုက်ဆံ သိန်း ၃၀ တောင်းတယ်။ မပေးနိုင်တဲ့အတွက် ဆက်လက်ဖမ်းထားတယ်”ဟု ပြောဆိုသည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုများထံက ငွေတောင်းခံမှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပြီး သက်ဆိုင်ရာ စစ်ထောက်လှမ်းရေး(စရဖ)၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည်ဟု ဆိုသည်။
ထိုသို့ ငွေများယူဆောင်ရာတွင် လျို့ဝှက်မဟုတ်ဘဲ ပေါ်တင်ယူဆောင်ကာ ရပ်ကွက်ရုံးရှိ စားပွဲပေါ်တွင် အဆိုငွေများကို တင်ထားသည်ကို ကိုယ်တိုင် မြင်တွေ့ရသည်ဟု ကျန်းမာရေး မကောင်းသည့် မောင်ဖြစ်သူကို စစ်မှုထမ်းရန် ဖမ်းဆီးထားရာမှ ကျပ်ငွေ သိန်း (၃၀) ဖြင့် ပြန်ရွေးခဲ့သည့် အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာသို့ ပြောကြားခဲ့ဖူးသည်။