ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၁၂

မန္တလေးတိုင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် – ၈ တပ်ရင်းက ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မိတ္ထီလာ တပ်နယ်မှ အမြန်လမ်း တစ်လျှောက် နယ်မြေရှင်းလင်းရေးရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းရှင် (ခ) မြင်းသေရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များက နယ်မြေရှင်းလင်း‌‌ရေး ပြုလုပ်စဉ် 7.62 mm ကျည် ၁၂၈ တောင့်၊ G-3ကျည်ဘောက် ၁ ခု ၊ ဖုန်း ၁ လုံး၊ Power bank ၁ လုံးနှင့် ပိုက်ဆံ ၃ သိန်း တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးကို Mi-35 ဖြင့် ၁ ကြိမ်၊ ဒရုန်းဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနဲ့အတူ မိတ္ထီခရိုင် အမှတ်(၂) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း၊ မလှိုင်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။