ဒေသတွင်း နျူကလီးယားကင်းစင်ရေး တရုတ် လက်မှတ်ထိုးမည်ဟု မလေးရှားပြော
ဇူလိုင် ၁၁၊ ၂၀၂၅
အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို စာရွက်စာတမ်းအားလုံး အသင့်ဖြစ်တာနဲ့ တရုတ်ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် (SEANWFZ) ဟာ ၁၉၉၇ ခုနှစ်ကတည်းက စတင်အသက်ဝင်ခဲ့ပြီး နျူကလီးယားကို စွမ်းအင်ထုတ်လုပ်ခြင်းလိုမျိုး ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာ အသုံးပြုဖို့ ကန့်သတ်ထားတာပါ။
တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ရုရှားနဲ့ ပြင်သစ်တို့ အပါအဝင် ကမ္ဘာ့နျူထိပ်သီးအင်အားကြီးတွေအနေနဲ့ သူတို့ရဲ့ အထူးစီးပွားရေးဇုန်တွေရှိရာ နေရာတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းမှာ နျူလက်နက် အသုံးမပြုဖို့ သို့မဟုတ် ရွှေ့ပြောင်းခြင်းမပြုလုပ်ဖို့ ကတိကဝတ်ထားပြီး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အာဆီယံက ရည်ရွယ်တာဖြစ်ပါတယ်။
“ကြိုတင်မှသတ်မှတ်ချက် ဘာမှမရှိဘဲ စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေး တရုတ်က ကတိပြုထားပါတယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ တွေ့ဆုံစည်းဝေးပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိအာဆီယံအဖွဲ့ဝင်အဖြစ် ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရုရှားနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေးတွေ အားစိုက်လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ ထိုင်းအနေနဲ့ စိုးရိမ်ကြောင်း ပြောဆိုထားသလို ဒေသတွင်း အင်အားစုတွေကလည်း စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သဘောတူစာချုပ်မှာ တရုတ်အနေနဲ့ လက်မှတ်ရေးထိုးဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ပါတယ်။
“အရှေ့တောင်အာရှမှာ နျူလက်နက်ကင်းစင်ရေးဇုန်ထူထောင်မယ့်ကိစ္စကို တရုတ်အနေနဲ့ အမြဲတမ်း ခိုင်ခိုင်မာမာ ထောက်ခံထားပြီး စာချုပ်ပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးရာမှာ ဦးဆောင်ဖို့ လိုလားကြောင်းကို ထပ်တလဲလဲ ဖော်ပြထားပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က သတင်းထောက်တွေကို ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ လက်ရှိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ကွာလာလမ်ပူကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပုံစာ – မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်
News – CNA
Photo – Reuters
