မောက်မယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ
ဇူလိုင်-၁၁၊၂၀၂၅။မိထက်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း၊ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း သေနတ်ဖြင့် ပစ်သတ်ခံရမှု ယနေ့(ဇူလိုင် ၁၁ရက်)တွင် ဖြစ်ပွားခဲ့သည်။
မောက်မယ်မြို့ရှိ ၎င်း၏ တောင်ယာခြံဝင်းအတွင်း ယနေ့ (ဇူလိုင် ၁၁ရက်) နံနက် ၉နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။
” ခြံထဲမှာတင် သေသွားတာ။ သေနတ်ကလည်း ခေါင်းကို ပစ်သွားတာ။ ဘယ်သူတွေကပစ်လဲ ဘယ်သူမှမသိဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် စစ်ကောင်စီထောက်ခံသူဖြစ်ပြီး မောက်မယ်မြို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည်။
” စစ်တပ်နဲ့တော့ တွဲတွေ့နေတာပဲ။ အခုပစ်ခတ်မှုက ပုဂ္ဂိုလ်ရေးလား၊ နိုင်ငံရေးဂယက်လား ကျမတို့မသိဘူး။ စစ်ကောင်စီကတော့ ဒေသအတော်ထွက်နေတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကလည်း ဥက္ကဌဦးစိုင်းငေါင်းဆိုင်ဟိန်း အသတ်ခံရကြောင်း အသိပေးထားသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဦးစိုင်းငေါင်းဆိုင်ဟိန်း
ဓာတ်ပုံ – USDP