ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ပြီး သက်​သေခံပစ္စည်းတွေကို ပြည်သူပိုင်သိမ်း

ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ပြီး သက်​သေခံပစ္စည်းတွေကို ပြည်သူပိုင်သိမ်း
ဇူလိုင် ၁၀ – ၂၀၂၅
SS (VOM)

ရန်ကုန်နဲ့ မန္တလေးမြို့က ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ပြီး သက်​သေခံပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ရန်ကုန်မြို့က ရွှေကုန်သည် သုံးယောက်နဲ့ မန္တလေးမြို့က ရွှေကုန်သည် ခုနစ်ယောက်ကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ – ၅ ၊ ရာဇသတ်ကြီး ပုဒ်မ – ၁၀၉ နဲ့ အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ရွှေလုပ်ငန်းရှင်အသင်း (YGEA) က သတ်မှတ်ထားတဲ့ ရည်ညွှန်စျေးထက်ပိုပြီး အရောင်းအဝယ် ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းထားတာ ခြောက်လလောက် ရှိပြီပေါ့။ ရန်ကုန်ကလူတွေက အင်းစိန်ထောင်မှာ ဖမ်းထားတာ။ မန္တလေးကတော့ အိုးဘိုမှာပေါ့။ ထောင်တွင်းကနေပဲ တရားရင်ဆိုင်ရတာ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတော့ အမိန့်ချလိုက်ပြီ။ ထောင် ခြောက်လစီ။ သက်​သေခံပစ္စည်းတွေကိုလည်း ပြည်သူပိုင် သိမ်းတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ – ၅ နဲ့ အရေးယူခံရရင် ထောင်ဒဏ် အနည်းဆုံး ခြောက်လကနေ သုံးနှစ်အထိ ချမှတ်ခံရနိုင််တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ – ၁၀၉ ကတော့ အားပေး ကူညီမှုအတွက် သီးခြားပြစ်ဒဏ် သတ်မှတ်ချက် မရှိရင် ချမှတ်ရမယ့် ပြစ်ဒဏ် ဖြစ်တယ်လို့ ရာဇသတ်ကြီးမှာ ဖွင့်ဆိုထားပါတယ်။
“အခု ထောင်ချခံရတာက ရွှေလုပ်ငန်းရှင်တွေတော့ မပါဘူး။ ရွှေကုန်သည်တွေပဲ ပါသွားတာပါ။ အခုလိုမျိုးဖြစ်တယ် ဆိုတော့ အားလုံးကတော့ လန့်ကြ၊ ကြောက်ကြတယ်လေ။ နောက်လည်း ဒါမျိုးတွေ ဖြစ်လာမလားဆိုပြီး စိတ်ပူကြရတာပေါ့။ သိပ်လည်း အလုပ် မလုပ်ရဲကြတော့ဘူး” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အခုလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ မည်သည့် အထောက်အပံ့ကိုမျှ မရရှိတဲ့ ရွှေသမားတွေကို ဖမ်းဆီး ထောင်ချတာဟာ အကျိုးအကြောင်း ဆီလျော်မှု မရှိဘူးလို့ သူက ပြောပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်လို့ မြန်မာတနိုင်ငံလုံးက ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ အားလုံး ပါဝင်တဲ့ အလုပ်ရုံ အစည်းအဝေးကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့။ UMFCCI မှာ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း အတော်များများက ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ ရွှေတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဈေးကွက်မရှိဘူး၊ supplier မရှိဘူးပေါ့။ တခြား လုပ်ငန်းတွေဆိုရင် supplier ရှိတယ်။ သွားဝယ်လို့ရတဲ့နေရာ ရှိတယ်။ ကားပစ္စည်းတွေဆိုလည်း ထုတ်လုပ်သူဆီက ဝယ်လို့ရတယ်။ ရွှေကျတော့ အဲဒီလိုမျိုး မရှိတဲ့အတွက် ရောင်းပြီးရင် ပြန်ဝယ်ရတာ အခက်အခဲတွေ ဖြစ်တဲ့အကြောင်း ဆွေးနွေးကြပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ရွှေတူးဖော် ထုတ်လုပ်သူတွေ အနေနဲ့ ဈေးကွက်တခု ပြုလုပ်ပြီး ဈေးကွက်ထဲ တိုက်ရိုက် ရောင်းချပေးဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။
“အဲဒီ ဆွေးနွေးတာတွေ အကုန်လုံးကို အကျဉ်းချုပ်၊ အနှစ်ချုပ်ပြီးတော့ နေပြည်တော်ကို တင်ထားတယ်။ ဘာမှတော့ ထူးခြားချက် ရှိမလာသေးဘူးပေါ့။ ဆွေးနွေးပွဲ လုပ်ထားတာလည်း သိပ်တော့ မကြာသေးဘူးဆိုတော့လေ။ ရွှေကတော့ ဈေးကွက် မရှိဘူး၊ ရောင်းပေးတဲ့သူ မရှိဘူး ဆိုရင်တော့ အခက်အခဲတွေကတော့ ရှိနေဦးမှာပါပဲ။ မှောင်ခို ဈေးကွက်ကြီးပဲ ဖြစ်နေဦးမှာ” လို့ သူက ပြောပါတယ်။
ဒါအပြင် ရွှေအသင်းရဲ့ ရည်ညွှန်းဈေး ဆိုတာတွေဟာလည်း ရွှေဈေးကွက်အတွက် လက်ရှိ အချိန်အထိ အလုပ် မဖြစ်သေးတာကိုလည်း အားလုံး အသိပဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုအခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ တအားကြီး အတင်းအကျပ်ကြီး မလုပ်ပေမယ့် ဖမ်းချင်တဲ့အချိန် ဖမ်းတာပဲ။ အဲဒီတော့ သူတို့အပေါ်ပဲ မူတည်ပါတယ်။ ပြောရတော့ ခက်တာပေါ့။ အခုလို ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ချလိုက်တယ် ဆိုတာကလည်း ဒီလောက က လူတွေ အားလုံးအတွက် အခြေအနေ မကောင်းဘူးလို့ပဲ ယူဆရမှာပေါ့” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကလည်း ရွှေဈေး မြင့်တက်မှုကြောင့် နစက က ရွှေလုပ်ငန်းရှင်တွေကို နေပြည်တော်ကို သုံးရက်ကြာ ခေါ်ယူစစ်ဆေး၊ မေးမြန်းတာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“သုံးရက်လောက်ပါပဲ။ သူတို့ မေးသင့်တာတွေ မေးပြီး ပြန်လွှတ်ပေးလိုက်တယ်” လို့ သူက ပြောပါတယ်။
နစက က ဈေးကစားသူတွေ၊ လေပက်ကား ရောင်းချသူတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်နေသလို ရွှေဆိုင်တွေကိုလည်း အသွင်ယူ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo – CJ