လေယာဉ်ပျက်ကျ သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်မှာ ပဇီကြီးရွာ ဗုံးကြဲမှုတရားခံဖြစ်

by

in

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသည့် ဗိုလ်ချုပ်စိုးတင်လတ်သည် ရခိုင်၊ ချင်းနှင့် မကွေးတို့ကို ဗုံးကြဲတိုက်ခိုက်သည့် မကွေးလေတပ်စခန်း၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့သည် စစ်ကောင်စီလေတပ်မှ ဗိုလ်ချုပ်စိုးတင်လတ်၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲဖွယ်နေ့ဖြစ်သည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျရာတွင် တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်လည်း ပါသွားပြီး သေဆုံးခဲ့သည်ဟု စစ်ကောင်စီရဲတပ်ဖွဲ့၏ အစီရင်ခံစာက ဆိုသည်။

ယင်းနေ့မတိုင်ခင်က ဗိုလ်ချုပ်စိုးတင်လတ်ကြောင့် သေကြေခဲ့ရသည့် အရပ်သားများ၊ ပူဆွေးဝမ်းနည်းမှု ကြုံခဲ့ရသည့် မိသားစုများ ရာနှင့်ချီရှိခဲ့သည်။

ဗိုလ်ချုပ်စိုးတင်လတ်သည် အရပ်သားများရှိနိုင်သော နေရာများကို ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ရန် အမိန့်ပေးရာတွင် ပါဝင်သည့် စစ်ကောင်စီလေတပ် အဆင့်အမြင့်အရာရှိများထဲမှ တစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်စိုးတင်လတ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံအလယ်ပိုင်း မကွေးမြို့အခြေစိုက် မကွေးလေတပ်စခန်းဌာနချုပ်တွင် အဆင့်အမြင့်ဆုံးရာထူးဖြစ်သည့် ဌာနချုပ်မှူးရာထူးကို ရခဲ့သည်။

မကွေးလေတပ်စခန်းဌာနချုပ်ကို စစ်ကောင်စီက ရခိုင်၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်း အညာဒေသမှ ခုခံတွန်းလှန်သူများကို ဗုံးကြဲတိုက်ခိုက်ရာတွင် အဓိကအသုံးပြုနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

မကွေးလေတပ်စခန်းထဲတွင် S7 အမျိုးအစား ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များ၊ ရုရှားထုတ် MIG 29 တိုက်ခိုက်ရေးလေယာဉ်များ အခြေစိုက်သည်ဟု အာဏာဖီဆန် CDM လေတပ် တပ်ကြပ်ကြီး နေဝင်းအောင်က CDM စစ်သားများ ဦးဆောင်သည့် Breaking Brainwashed ယူကျုချန်နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။

၂၀၂၃ ဧပြီ ၁၁ နံနက်ပိုင်းတွင် စစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဗုံးကြဲရာ ၁၆၈ ဦး သေဆုံးခဲ့သည်၊ အများစုမှာ အရပ်သားများ ဖြစ်ကြသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ဧပြီ ၁၆ တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှာ ဗိုလ်ချုပ်စိုးတင်လတ်က မကွေးလေတပ်စခန်းဌာနချုပ်၏ ခေါင်းဆောင်တာဝန်ယူနေချိန် ဖြစ်သည်။

ထို့ပြင် ၂၀၂၃ အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မကွေးမြို့ လေတပ်စခန်းတွင် ရှိနေစဉ် ဒေသတွင်း အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ဗိုလ်ချုပ်စိုးတင်လတ်သည် ၂၀၂၃ ဇွန်လတွင် ရန်ကုန်အခြေစိုက် တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ကျလာသူဖြစ်သည်။

သူသေဆုံးမှုအတွက် စစ်ကောင်စီဘက်က အသံတိတ်နေဆဲဖြစ်သည်။

တစ်ချိန်က ကိုယ့်ပြည်သူကို ကိုယ်ပြန်ဗုံးကြဲရန် အမိန့်ပေးသူ ဗိုလ်ချုပ်စိုးတင်လတ်သည် သူအမိန့်ပေးခဲ့သည့် လေတပ်၏ လက်ထဲတွင် သူ၏နောက်ဆုံးနေ့ရက်ကို ဖြတ်သန်းခဲ့ရသည်။