ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနဲ့သယ်လာတယ်ဆိုတဲ့ သန်းချီမူးယစ်ဆေးဝါးတွေကို CDF-ဟားခါးဖမ်းမိ
——-
BVJ/မိုနာ_ ဇူလိုင် ၁၀၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ်(၂)လက်၊ mini starlink(၂)ခုတို့နဲ့ အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦးနဲ့ စပယ်ယာ(၁)ဦးတို့ကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha(CDF-ဟားခါး)က ဒီနေ့ ဇူလိုင် ၁၀ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို Hilux 9K – 1693 ကားနဲ့ ကိုစိုးသူပိုင်ဆိုင်တဲ့ 1J – 6011 Forland ကားတို့နဲ့ သယ်ယူပို့ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အခုလ ၈ရက်မှာ ဖမ်းမိတာဖြစ်ပြီး အဲ့ဒီ မူးယစ်ဆေးဝါးတွေသယ်ယူပို့ဆောင်ရေးရဲ့ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်)နဲ့ တပ်ခွဲမှူးကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်)တို့ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုလ ၉ရက်နေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရားဥပဒေအတိုင်းဆောင်ရွက်မယ်လို့ CDF-ဟားခါးက ဖော်ပြပါတယ်။
CDF-ဟားခါးရဲ့ စစ်ဆေးချက်အရ ဖမ်းဆီးထားသူငါးဦးထဲမှာ သုံးဦးဟာ ယင်းမာပင်ခရိုင်တပ်ရင်း-၁၄၊ ပခုက္ကူခရိုင်အမှတ်(၁)စစ်ဒေသ တပ်ရင်း(၁၀) ကဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ယာဉ်မောင်းက”စလင်းကြီးမြို့နယ်ထဲက ငွေသာရွာနားထဲကနေသယ်လာတာ၊ လူနေတဲ့ အဆောက်အဦးရယ် ပစ္စည်းတွေထားတဲ့အဆောက်အဦးရယ်အဲ့နားမှာရှိတယ် အဲ့ဒီနားကသယ်ခဲ့တာ။ အဖွဲ့အစည်းဟာလို့ပြောတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျနော်တို့ကိုပြောတာတော့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၅လို့ပဲပြောပြထားတယ်”လို့ CDF-ဟားခါးရဲ့ စစ်ဆေးချက်အတွင်း ပြောနေတာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့အတွက် ယင်းမာပင်ခရိုင်တပ်ရင်း-၁၅ကို Burma VJက ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်တာကြောင့် ထပ်မံသိရတဲ့အခြေအနေတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
ဓါတ်ပုံ-CDFဟားခါးဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးနဲ့လူများ
မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူထံအသိပေး ထုတ်ပြန်ကြေညာခြင်း
ထုတ်ပြန်ချက်အမှတ် ၃/၂၀၂၅
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်
၁။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့တွင် ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakhaမှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည်။ ဤမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့သည် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
၂။ ဖမ်းဆီးထားသော မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ဖမ်းဆီးထားသူများကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
၃။ ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက မိမိတို့ Chinland Defense Force – Hakhaမှ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။
၄။ ပြည်သူများမှလည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
CDF-Hakha Central Council