ရေးမြို့နယ်တွင် ပျူစောထီး ၁ ဦးကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းဆီးရမိ၊ မြစ်သားမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

by

in

ရေးမြို့နယ်တွင် ပျူစောထီး ၁ ဦးကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းဆီးရမိ၊ မြစ်သားမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာရုတောင်ကျေးရွာမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ၁ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အာရုတောင်ကျေးရွာမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ၁ ဦး ကို ရေးဘီလူး အဖွဲ့က အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အာရုတောင်ကျေးရွာမှာ ပျူစောထီးအသွင်ပြောင်း လင်းဦး ဆိုတာရှိတယ်။ သူ့ကို ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ စစ်ကောင်စီက အဖွဲ့ဝင် ၃၀၊ ၄၀ ရှိတယ်။ အရပ်သားပုံစံသွားလာလေ့ရှိတယ်။ ကျွန်တော်တို့ အစည်းအဝေးရှိတဲ့ အချိန် တောင်ပေါ်ကနေ ဖြတ်ပစ်တယ်။ ဖြတ်ပစ်တဲ့အထဲ ခုဖမ်းမိတဲ့ လူလည်း ပါတယ်။ ကျွန်တော်တို့လည်း မြင်တယ် ဒေသခံတွေလည်း မြင်တယ်။ သူတက်လာတဲ့အချိန်ကို ဖမ်းဆီးရမိခဲ့တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ မကျည်းကန်ရွာမှ ပျူစောထီး မိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မကျည်းကန်ရွာသား ပျူစောထီး မိုးနိုင်သည် ကျေးရွာဘောလီဘောကွင်းတွင် ရောက်လာစဉ် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး မိုးနိုင်သည် ကျေးရွာ ဈေးဆိုင်များမှ အရက်ရောင်းသည့် ဆိုင်များကို လစဥ်ကြေး ကောက်ခံခြင်း၊ ချဲရောင်းသူများထံမှ လိုင်းကြေး ကောက်ခံကာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေရှာပေးနေသူလည်း ဖြစ်ကြောင်း သိရှိရသည်။