ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

by

in

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) YOMA GBK PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကွင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိုးမင်းနိုင် ၊ ပျူစောထီး အဖွဲ့ဝင် ၁၅ ဦးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦး တပ်စွဲထားသော နေရာကို ရိုးမညီနောင် PDF တပ်ပေါင်းစုက ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ စစ်သား ၄ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် သာယာဝတီ ခရိုင် တပ်ရင်း (3801) တပ်ခွဲ.၁ YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း ပြည်သူများကို အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ပြည်သူများအပေါ် မတရားဆက်ကြေး ကောက်ခံခြင်း၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများပြုလုပ်နေခြင်းကြောင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) YOMA GBK PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ( 3801) တပ်ခွဲ – 1 YOMA (QBK) PDF၊ 5 – 6 AYEYAR NYI NAUNG တပ်ခွဲ – 5 ကြို့ပင်ကောက် HERO ပျောက်ကြားတပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ -1 DRAGON BROTHER (QBK) PDF နှင့် တပ်ခွဲ-4 အုတ်ဖိုမြေအောက်ပျောက်ကြားတပ်ဖွဲ့ နှင့် တပ်ခွဲ . 6 BLACK DRAGON (QBK) PDF နှင့် ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်း လုပ်ဆောင်ခဲ့ကောင်း သိရသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၊ ပျူစောထီးများနှင့် ထိတွေ့ခြင်း သွားလာခြင်း များ မပြုလုပ်ရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များက အချိန်မရွေး စစ်ရေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၁ တပ်ခွဲ(၁) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။