KIO ဥက္ကဋ္ဌ နာမကျန်းတာကြောင့် တရုတ်မှာ ဆေးကုသမှုခံယူနေတယ်လို့ KIO အတည်ပြု
ဇူလိုင် – ၉၊ ၂၀၂၅ / People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်အစိုးရက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းမကြားရပေမယ့် ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ တရုတ်နိုင်ငံမှာ ကျန်းမာရေးကုသမှုခံယူနေရတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ပြောပါတယ်။
ကချင်နဲ့ပတ်သက်တဲ့ သတင်းတွေကို အဓိကဖော်ပြနေတဲ့ The Kachin Sub-State Media က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ် ဆိုတဲ့ သတင်းကို ဇူလိုင် ၉ရက် ဒီနေ့ မနက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
တရုတ်အစိုးရက KIO ဥက္ကဋ္ဌကို အစည်းအဝေးခေါ်ပြီး မပြန်ခိုင်းတဲ့ အနေအထားဖြစ်တယ်လို့ KSSMက ဖော်ပြပါတယ်။
ဒါပေမဲ့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်းကို ဌာနချုပ်က တာဝန်ရှိသူတွေ ကြားသိတာ မရှိကြောင်း People’s Spring ကို ပြောပါတယ်။
“ဌာနချုပ်ကလူတွေကတော့မကြားဘူး၊ အဲဒီသတင်းကတော့ Kachin Sub-State Media နဲ့ လူမှုကွန်ရက်မှာတက်နေတာတွေ့ရပါတယ်၊ အခု ကျွန်တော်လည်း သူတို့ကိုမေးမြန်း သူတို့ဘာမှဖြေကြားတာမရှိဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO ဥက္ကဋ္ဌဟာ လက်ရှိမှာ တရုတ်နိုင်ငံမှာ ကျန်းမာရေးဆေးစစ်နေတယ်လို့ အတည်ပြုပါတယ်။
“အခုလောလောဆယ်တော့ တရုတ်ပြည်မှာရှိတယ်၊ သူက ကျန်းမာရေးသွားစစ်တာဖြစ်ပါတယ်၊ သွားတာတောင်မှ မကြာဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် ကချင်သတင်းရင်းမြစ်အချို့ကို မေးမြန်းရာ အဲဒီလိုဖြစ်စဉ်မျိုး မကြားမိဘူးလို့ ဖြေကြားပါတယ်။
KIA စစ်ရေးသတင်းတွေကို ပုံမှန်ဖော်ပြနေတဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်က “မဟုတ်ပါ၊ ဆေးကုနေတယ်။ (အစည်းအဝေးဆိုတာလည်း)မဟုတ်ပါ၊ ကင်ဆာနဲ့ ဆီးချို၊ တော်တော်နာမကျန်းဖြစ်နေတယ်၊ ဘာအကျယ်ချုပ်မှ မဟုတ်ဘူး”လို့ People’s Spring ကို ပြောပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရက KIAရဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ KIAကို တရုတ်အစိုးရက မြို့သိမ်းတိုက်ပွဲထပ်မံတိုက်ခိုက်ပါက KIA ဆီကနေ မြေရှားတွေကို မဝယ်ယူတော့ဘူးလို့ အကြပ်ကိုင်ထားတယ်ဆိုတာကို ရိုက်တာသတင်းဌာနကမနေ့က ဇူလိုင်၈ ရက်မှာ ဖော်ပြပါတယ်။
တရုတ်အစိုးရဟာ စစ်ကောင်စီဘက်က ရပ်တည်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်တိုက်ဖိအားပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ကလည်း MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ယူနန်ပြည်နယ်မှာ အကျယ်ချုပ်ချထားခဲ့ကြောင်း သတင်းတွေ ကျယ်ပြန့်စွာထွက်ခဲ့ပေမယ့် ဖမ်းဆီးထားတာမဟုတ်ဘဲ ဆေးကုသမှုခံယူနေတာဖြစ်တယ်လို့ တရုတ်အစိုးရ ဘက်က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate