မိုးကောင်းကျေးရွာ ကျောင်းထိုင်ဘုန်းကြီး အဓမ္မပြုကျင့်ရန် ကြိုးစားမှုဖြင့် မောင်းထုတ်ခံရ
ဂျူချန်း
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ မိုးကောင်းကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဘန္ဒတဇာဂရ သည် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦးအား မဖွယ်မရာထိတွေ့မှုများပြုလုပ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ ရပ်မိရပ်ဖများက ဇူလိုင် ၇ ရက်တွင် မဲခွဲ၍ ၎င်းအား ရွာမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
အသက် ၄၁ နှစ်အရွယ်ရှိ ဆရာတော် ဘန္ဒတဇာဂရ သည် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ဇာတိဖြစ်ပြီး၊ ၎င်းဇာတိသို့ ဇူလိုင် လပထမအပတ်အတွင်း ရပ်မိရပ်ဖများနှင့် ကျေးရွာနေသူအချို့နှင့်အတူ အလည်ခရီးထွက်ခဲ့သည်။
ထိုခရီးစဉ်အတွင်း ထမ်စမ်းဂူတွင် လူစုကွဲပြီး လူပြတ်ချိန်တွင် ဆရာတော်က မိန်းကလေးငယ်အား ပါးဖက်နမ်းခြင်းပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီး၊ နောက်ရက်တွင်လည်း ကားပေါ်တွင် မည်သူမျှမရှိချိန်၌ မဖွယ်မရာထိတွေ့မှုများပြု လုပ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ စွပ်စွဲခံရသူ ဘုန်းကြီးဘက်မှလည်း မိန်းကလေးအား လိင်အဓမ္မရယူရန် ကြိုးစားခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံသည်ဟု သိရသည်။
ခရီးစဉ်တွင် ကားနှစ်စီးဖြင့်သွားရောက်ခဲ့ပြီး၊ ဆရာတော်ပါဝင်သည့်ကားတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နှင့် အခြားမိန်းကလေးနှစ်ဦး လိုက်ပါခဲ့ကြောင်း သိရသည်။ အခြားကားတစီးကို ရှေ့မှသွားစေပြီး၊ မိန်းကလေးငယ်အိပ်ပျော်နေစဉ် ဆရာတော်က အတူလိုက်ပါလာသည့် အခြားမိန်းကလေးနှစ်ဦးအား မုန့်ဝယ်ရန် ထွက်သွားစေခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ကားတံခါးသော့ပိတ်ကာ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခံရခြင်း ဖြစ် သည်။ အဖော်ဖြစ်သူ မိန်းကလေးနှစ်ဦးက သူငယ်ချင်းဖြစ်သူ နောက်မှလိုက်မလာသည်ကို သတိထားမိပြီး ပြန်လာခေါ်ချိန်တွင် ဆရာတော်က ကားပေါ်မှ “သူမလိုက်” ဟု ပြောခဲ့သည်။
သို့သော် မူမမှန်သည်ကို သတိထားမိပြီး သူငယ်ချင်းဖြစ်သူကို ကားပေါ်မှဆင်းရန် ခေါ်ခဲ့ရာ မိန်းကလေးငယ်မှာ ခြေလက်များ အေးစက်နေပြီဟု ဆိုသည်။
“ကောင်မလေးက ဂျင်းဘောင်းဘီဝတ်ထားလို့သာ ဟိုအဆင့်ထိ မရောက်ခဲ့တာ။ ကောင်မလေးက ဒီဖြစ်ရပ်မတိုင်ခင် အရင်ကလည်း ကျောင်းမှာ လုပ်ခံထိဖူးတယ်။ သူ့သူငယ်ချင်းကို ပြောပြတော့ သူ့သူငယ်ချင်းက နောက်ခါဆို အသံဖမ်းထားလို့ပြောလို့ ဒီတခေါက် သူအသံဖမ်းထားတယ်။ ရွာကလူတွေလည်း ဘုန်းကြီးဘက်ကများတယ်။ ပထမက ကောင်မလေးက အနေထိုင်မတတ်တာ။ ကောင်မလေးက မြှူစွယ်တာ ဘာညာ ပြောသေးတယ်။ ဖြစ်တဲ့ချိန် အသံဖမ်းထားတာရှိလို့သာပဲ။ ဘုန်းကြီးကလည်းဝန်ခံတယ်။ ဒီနေ့ (ဇူလိုင်လ ၇ ရက်) ရွာလူကြီးတွေ စည်းဝေးတာ ရွာက မောင်းထုတ်မယ်။ မနက်ဖြန် ရွာကထွက်မယ်ပြောတယ်။ လူဝတ်လည်းမလဲဘူး” ဟု မိန်းကလေးငယ်၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ကားပေါ်တွင် ဘုန်းကြီးဖြစ်သူမှ မိန်းကလေးအား အဓမ္မပြုကျင့်ရန်ကြိုးစားချိန်တွင် မိန်းကလေးငယ်မှ အသံသွင်းထားပြီး မဇ္ဈိမမှ လက်ခံရရှိခဲ့သည့် အသံဖိုင်အတွင်း မိန်းကလေးငယ်က သူငယ်ချင်းများနောက်သို့ လိုက်သွားမည်ဟုဆိုချိန်တွင် ဘုန်းကြီးဖြစ်သူက မသွားရန်တားမြစ်ကာ ကားတံခါးလော့ချပြီး ၎င်းအပေါ်တွင် လာအိပ်ရန် ခေါ် သည်ကို မိန်းကလေးမှ ငြင်းဆိုနေသည်များ ပါဝင်သည်။
ကားပေါ်ဖြစ်ရပ်တွင် တင်းကြပ်စွာချုပ်နှောင်မှုကြောင့် မိန်းကလေးငယ်၏ လက်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ယခုဖြစ်ရပ်ကို ပြန်ပြောပါက “ငါနဲ့တွေ့မယ်” ဟု ခြိမ်းခြောက်ခဲ့သည်ဟုလည်း သိရသည်။
ယခုဖြစ်စဉ်မတိုင်မီ ကျောင်းတွင် ဝေယျာဝစ္စလုပ်နေစဉ် လူပြတ်ချိန်တွင် မိန်းကလေးငယ်အား ခန္ဓာကိုယ်ထိတွေ့မှုများ ပြုလုပ်ခဲ့သည်ဟု မိန်းကလေးငယ်က ပြောပြခဲ့ကြောင်း မိခင်၏ ပြောပြချက်ကို ကိုးကားပြီး နီးစပ်သူက ပြော သည်။
ဆရာတော်သည် မိုးကောင်းကျေးရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည်မှာ ကိုးလခန့်သာရှိသေးပြီး၊ တရား ဟောပြောမှုကောင်းမွန်သဖြင့် ကျေးရွာနေသူများက ယုံကြည်ကိုးကွယ်ကြသည်။ ယခုဖြစ်စဉ်အပြီးတွင် ဆရာတော်အား ရွာမှမောင်းထုတ်ရုံသာ ဆောင်ရွက်ခဲ့ပြီး၊ အခြားတရားဥပဒေအရ အရေးယူမှုမျိုး မရှိခဲ့ကြောင်း သိရသည်။
ဆရာတော်သည် ယနေ့ (ဇူလိုင် ၈ ရက်၊ နံနက် ၄ နာရီ) ခန့်တွင် ကျောင်းမှထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ခိုးချောင်ခိုးဝှက် ထွက်သွားတာပါ။ ကျောင်းပစ္စည်းတွေအကုန်တော့ ထားခဲ့ရတယ်” ဟု ရွာခံတဦးက မဇ္ဈိမသို့ ပြောသည်။
မိန်းကလေးငယ်၏ မိသားစုဝင်များကမူ အမှုတိုင်ကြားရန် ငွေကုန်အချိန်ကုန်မည်ဖြစ်သဖြင့်၊ ဆရာတော်အား ရွာမှထွက်ခွာပြီး ပြန်မလာရန်သာ လိုလားကြောင်း ဆိုသည်။
“သူ့အတွက်နဲ့အချိန်ကုန်ငွေကုန်တာမတန်ဘူး။ လူထွက်ပြီး ဒီရွာကနေ ထွက်သွားစေချင်တာ၊ နောက် ဘယ်တော့မှ ပြန်မလာနဲ့ပေါ့၊ အဲ့လို အရှက်နဲ့ လူထွက်ရစေချင်တာ” ဟု မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။
ယခင်ကလည်း ဆရာတော်သည် အွန်လိုင်းလူမှုကွန်ရက်မှတဆင့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းနှောင့်ယှက်မှုများကို ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးနှစ်ဦးက မဇ္ဈိမသို့ အတည်ပြုသည်။
“အဲ့ဒီဆရာတော်ပဲ။ အရင်က စာတွေပို့လာတယ်။ ဗီဒီယိုကော ခေါ်လာပြီး မဖွယ်မရာတွေ ပြတာ။ အဲ့တာ တန်း ပိတ်ပင်လိုက်ရတယ်” ဟု အမျိုးသမီးတဦးက ပြောသည်။
ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ ဆရာတော် ဘန္ဒတဇာဂရ ကို မဇ္ဈိမက လူမှုကွန်ရက်မှတဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်းမရှိသေးပေ။
စာတည်း ။ ။ နောင်နောင်
#MizzimaBurmeseNews