CDM ကြောင့် ရပ်နားထားရတဲ့ တရုတ်ကြေးနီစက်ရုံတွေ ရာနှုန်းပြည့်နီးပါး ပြန် လည်ပတ်၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက CDM တွေ တရုတ်လက်အောက် ပြန်ဝင်ကာ Non CDM ဖြစ်၊

CDM ကြောင့် ရပ်နားထားရတဲ့ တရုတ်ကြေးနီစက်ရုံတွေ ရာနှုန်းပြည့်နီးပါး ပြန် လည်ပတ်၊
ယင်းမာပင်နဲ့ ဆားလင်းကြီးက CDM တွေ တရုတ်လက်အောက် ပြန်ဝင်ကာ Non CDM ဖြစ်၊
မောင်ဘဦး/MFP၊ ဇူလိုင် – ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်လုပ်ငန်းတွေမှာ CDM ပြုလုပ်သူ များပြားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ငန်း အပြည့်အဝ မလည်ပတ်နိုင်ဘဲ ရပ်နား ထားခဲ့ရပေမယ့် လက်ရှိမှာတော့ ကြေးနီစက်ရုံတွေ ရာနှုန်းပြည့်နီးပါး ပြန် လည်ပတ်နေပြီလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
လက်ပံတောင်းနဲ့ ကြေးစင်တောင်တွေမှာ ကြေးနီတူးနေတဲ့ တရုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ဝန်ထမ်းအများအပြား CDM ပြုလုပ်ခဲ့တာကြောင့် စစ်အာဏာသိမ်းစကနေ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအထိ တရုတ်လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်ဘဲ ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
တရုတ် ကြေးနီလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ တရုတ်နဲ့ အာဏာသိမ်း စစ်အုပ်စုတို့ ပူးပေါင်းကာ ကြိုးစားခဲ့ပြီး ၂၀၂၄ က စလို့ CDM တွေကို ခြိမ်းခြောက် ဖိအားပေးတာ၊ တခြား ဒေသကနေ ဝန်ထမ်းသစ်တွေ ခေါ်ယူတင်သွင်းတာတွေ လုပ်ဆောင်ခဲ့ကာ လက်ရှိမှာတော့ ကြေးနီတူးတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ပြန်လည်ပတ်နိုင်သွားပြီလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အာဏာသိမ်းစက တရုတ်ကြေးနီတူးတဲ့ လုပ်ငန်းတွေက ဒေသခံ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် CDM ပြုလုပ်ခဲ့ကြပြီး Non CDM အနေနဲ့ ၁၅ရာခိုင်နှုန်းခန့်သာ လုပ်ငန်းခွင်အတွင်း ကျန်ရစ်ခဲ့ပေမယ့် ၂၀၂၄ မှာ စစ်အုပ်စုနဲ့ တရုတ်က ပြန်လည် စည်းရုံးတာ၊ ခြိမ်းခြောက်တာတွေကြောင့် ယခု ၂၀၂၅ ဇူလိုင်လမှာ CDM တွေထဲက ၅၀ ရာခိုင်နှုန်းလောက် တရုတ်လက်အောက် လုပ်ငန်းခွင် ပြန်ဝင်သွားကြတယ်လို့ ဒေသခံ CDM လုပ်သားတစ်ဦးက MFP ကို ပြောပါတယ်။
“လတ်တလော ကုမ္မဏီက လုပ်ငန်းလည်ပတ်မှု ၈၀ ရာခိုင်နှုန်း လည်ပတ်နေပြီ၊ ယမ်းခွဲတာက အစ၊ သတ္ထုရိုင်း တူးဖော်ရေးဌာန (Mining Dept:)၊ ယန္တရားစက်တွေ အားလုံး လည်ပတ်နေတယ်။ ကြေးပြား ထုတ်လုပ်မှုကလည်း ပုံမှန် လည်ပတ်ပြီး တန်ချိန်မီမီ ထုတ်လုပ်နိုင်နေပြီ”
လက်ပံတောင်းနဲ့ ကြေးစင်တောင်တွေမှာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကုမ္မဏီတို့ဟာ Non CDM နဲ့ နေ့စားဝန်ထမ်းတွေကို ခိုင်းစေကာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ကြေးပြားထုတ် စက်ရုံကို စတင် လည်ပတ်ခဲ့ပြီး ၂၀၂၅ မေလမှာ တူးဖော်ရေးဌာနအပါအဝင် အခြားဌာနတွေပါ စတင် လည်ပတ်ခဲ့တာလို့ ဆိုပါတယ်။
“အခုဟာက အရင်က CDM လုပ်ခဲ့သူအချို့ပါ စားဝတ်နေရေးကျပ်တည်းလာတော့ တောင့် မခံနိုင်ကြတော့ အလုပ် ပြန်ဝင်သွားကြတာတွေ ရှိတယ်။ အခု ဝမ်ပေါင်ကုမ္ပဏီကလည်း လုပ်ငန်းတွေလည် ပတ်နေပြီဆိုတော့ လူအသစ်တွေပါ ထပ်ခေါ်နေတာလေ” လို့ ဆားလင်းကြီး ဒေသခံတစ်ဦးက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက MFP ကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတွေ အပြည့်အဝ ပြန်လည်ပတ်နိုင်ဖို့ စစ်အုပ်စုနဲ့ တရုတ်တွေ ပေါင်းကာ ၂၀၂၄ ခုနှစ်ကည်းက အပြင်းအထန် ပြင်ဆင်နေခဲ့ပြီး အလုပ်သမား ၁၅၀၀ ခန့် ခေါ်ယူခဲ့သလို CDM တွေကို ခြိမ်းခြောက်စည်းရုံးတာ၊ ဧရာဝတီတိုင်းက ပျူစောထီးတွေ အပါအဝင် တခြားဒေသက စစ်အုပ်စုနဲ့ နီးစပ်သူတွေကို ခေါ်ယူတင်သွင်းတာတွေ လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“အခု လုပ်ငန်းတွေက အဆိုင်း သုံးဆိုင်းနဲ့ အလုပ်ချိန်က ရှစ်နာရီပေါ့ လုပ်နေကြတာ။ မကြာခင်ရက်ပိုင်းမှာ အဆိုင်း လေးဆိုင်းနဲ့ ထပ်တိုးပြီးတော့ အလုပ်ချိန် ရှစ်နာရီနဲ့ လုပ်ငန်းတွေ တိုးလုပ်နိုင်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ ဝန်ထမ်းအသစ်တွေလည်း ခေါ်နေသလို အခုလက်ရှိ ဝင်လာတဲ့သူတွေလည်း အများကြီးရှိနေတာ တွေ့ရတယ်။ အရင်က CDM လုပ်ထားပြီး အလုပ် ထွက်ထားသူတွေလည်း အချို့က စားဝတ်နေရေးကြောင့် အလုပ်ပြန်ဝင်လာတဲ့ သူတွေလည်း ရှိတယ်”
စစ်အုပ်စု အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စက်ရုံ ဝန်ထမ်း အများစု CDM လုပ်ခဲ့တာကြောင့် စက်ရုံလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပေမဲ့ ၂၀၂၄ ဇွန်လကစပြီး စက်ရုံလုပ် ငန်းအချို့ ပြန်လည် လည်ပတ်ကာ ကြေးနီထုတ်လုပ်တာနဲ့ သယ်ယူတာတွေ ပုံမှန် လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ တရုတ်ကြေးနီစက်ရုံတွေက တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးပြားတွေကို စစ်သင်္ဘောတွေနဲ့ လုံခြုံရေးယူကာ ချင်းတွင်းမြစ်ရေကြောင်းကတဆင့် သယ်ထုတ်ဖို့ ကြိုးစားနေပြီး ဇွန်လကုန်ပိုင်း ကတည်းက ချင်းတွင်းမြစ်၊ မုံရွာနဲ့ ဆားလင်းကြီးဆိပ်ကမ်းမှာ စစ်သင်္ဘောနဲ့ ရေယာဉ်တွေ ဆိုက်ကပ်ကာ ကြေးပြားတွေ တင်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Myanmar Wanbao Mining Copper Limited ကုမ္ပဏီနဲ့ စစ်အုပ်စုရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပြီး တရုတ်ဘက်က အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ရင်းနှီးမြှုပ်နှံထားကာ စီမံကိန်းလုပ်ငန်းကနေ တစ်နှစ်ကို ကြေးနီတန်ချိန် တစ်သိန်းအထိ တူးဖော် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
စီမံကိန်းစာချုပ်ပါ အချက်အလက်တွေအရ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရာက ရရှိတဲ့ အကျိုးအမြတ်ကို အစိုးရက ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္မဏီက ၁၉ ရာခိုင်နှုန်းနဲ့ တရုတ်က ၃၀ ရာခိုင်နှုန်း ရရှိမယ်လို့ ဆိုပြီး လက်ရှိ အာဏာသိမ်းပြီးကာလမှာတော့ စစ်အုပ်စုက ၇၀ ရာခိုင်နှုန်းနဲ့ တရုတ်က ၃၀ ရာခိုင်နှုန်း ခွဲဝေရယူနေကြမှာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရစဉ် /Photo – မြန်မာဝမ်ပေါင် ကုမ္ပဏီ