ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆက်ကြေးဆိပ်
*******
နေအောင်
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံ တခုခုကို အကြောင်း အမျိုးမျိုးပြပြီး တရားဝင် ထွက်ခွာခွင့်ရဖို့ ကြိုးစားနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်နဲ့ ပြည်ပရောက်ရင် ပြရတဲ့ ငွေကြေး ပြည့်စုံနေသည့်တိုင်အောင် လေဆိပ်အဆောက်အအုံထဲမှာ အဆင်သင့်စောင့်နေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ခြိမ်းခြောက်မှုတွေ၊ လာဘ်ထိုးဖို့ လမ်ကြောင်းပေးပြောဆိုမှုတွေ ကြုံနေကြတာဟာ ကာလအတော် ကြာပါပြီ။
အဲ့သည်မတိုင်ခင် လေဆိပ်ရှိရာကို သွားတဲ့ ဂိတ်ဝမှာတင် စပြီး ပိုက်ဆံတောင်းခံရခြင်းဟာ ပထမဆုံးဖြေရှင်းရတဲ့ အခက်အခဲဖြစ်ပါတယ်။ အဲ့သည့်ဂိတ်မှာ စောင့်နေကြတဲ့ တာဝန်ကျရဲတွေဟာ လေဆိပ်ထဲဝင်လာတဲ့ ကားများအပြင် ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို စစ်ဆေးကြပါတယ်။ ကားပေါ်မှာ ပြည်ပကို ထွက်ခွာမယ့်သူပါလာခဲ့ရင် သူတို့အတွက်လဖေ့ရည်ဖိုးပေးခဲ့ဖို့ တောင်းကြပါပြီ။ သူတို့သတ်မှတ်ထားတဲ့ လဖေ့ရည်ဖိုးတန်ကြေးဟာ အနည်းဆုံး မြန်မာကျပ်ငွေ ၅၀၀၀ ကနေစပါတယ်။ ၅၀၀၀ အောက်လျော့လို့တော့ မရပါဘူး။ ခရီးသည်မပါလာတဲ့ အငှားယာဉ်(Taxi) မောင်းသမားတွေကတော့ တခါဝင်တိုင်း ၅၀၀၀ ပေးကြရတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
“ရဲအပေါ်မူတည်တာပေါ့နော်။ တခါတလေ ရစ်တာမပြီးတော့ဘူး။ ဈေးဦးကမပေါက်သေးဘူး သူတို့ကို အရင် ပေးရတယ်။ မပေးရင် မှတ်ထားတာ။ လေဆိပ်ကနေ ခရီးသည်နဲ့ ပြန်ထွက်လာရင် တောင်းပြီပဲ”လို့ သူကဆိုပါတယ်။
အဲ့သည့်ဂိတ်ကနေ ကျော်လွန်လာရင် နောက်ထပ်ကြုံရတာကတော့ လေဆိပ်အဆောက်အအုံထဲကို ဝင်ရတဲ့ ဝင်ပေါက်ကရဲတွေပါ။ နိုင်ငံတော်တော်များများက လေဆိပ်တွေမှာ ခရီးသည်ကို လိုက်ပါပို့ဆောင်တဲ့ မိသားစုဝင်တွေဟာ ထွက်ခွာဖို့ စစ်ဆေးရေး (Check in) ဝင်ရတဲ့ နေရာအနီးထိ လွတ်လွတ်လပ်လပ် လိုက်ပါပို့ဆောင်ခွင့် ရကြပေမယ့် မြန်မာနိုင်ငံကတော့ ကွဲပြားပါတယ်။ အဝင်မှာ ရှိတဲ့ လုံခြုံရေးကို မိမိအထဲဝင်ခွင့်ရဖို့ လာဘ်ထိုးကြရပါတယ်။ အဲ့တာပြီးလို့ လေယာဉ်လက်မှတ် (Boarding Pass) ထုတ်ပေးတဲ့ကောင်တာက ဝန်ထမ်းတွေရဲ့ မေးခွန်းတွေကို ဖြေရပါသေးတယ်။ နောက်တဆင့်ကတော့ လူဝင်မှုကြီးကြပ်ရေးရှိတဲ့ လေဆိပ်ဒုတိယထပ်မှာ ဆက်ကြေးကောက်ဖို့ စောင့်နေတဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရဲ၊ လဝကဝန်ထမ်းနဲ့ အလုပ်သမား ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ ခြိမ်းခြောက်ငွေတောင်းဖို့ကြိုးစားကြတာ ပြည်ပထွက်ခွာဖို့ ကြိုးစားနေတဲ့ နိုင်ငံသားတိုင်းကို လုပ်ရဲကြတာတော့ မဟုတ်ပါဘူး။ လူပုံစံ အနေအထား နိုင်ငံကူးလက်မှတ် သက်တမ်းနဲ့ ပြည်ပထွက်ခွာထားတဲ့မှတ်တမ်း ရှိမရှိအပေါ် မူတည်တယ်လို့ ၂၀၂၅ခုနှစ် ဇွန်လအတွင်းမှာ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ အသက် ၃၀နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
“Boarding pass ထုတ်ပြီးရင် ကျတော်တို့ စက်လှေခါးကို တက်ရတယ်။ ထွက်ခွာရမယ့် Boarding Gate ကိုသွားမယ် လဝက ကို ဖြတ်ရမယ်ပေါ့။ စက်လှေကား ထိပ်မှာ စောင့်နေတာက ရဲတွေ။ တက်လာတဲ့ လူကိုကြည့် passport စာအုပ်ကို စစ်၊ သူတို့ စိတ်ထဲမှာ မျက်လုံးထဲမှာ အကြပ်ကိုင်ခြိမ်းခြောက်လို့ရတဲ့ သူဆိုရင် ရစ်ပြီပဲ။ သူတို့မေးတာကို ရဲရဲတင်းတင်း ပြန်ဖြေတဲ့သူကျတော့ သူတို့က ရယ်ရယ်မောမောပြန်ပြောတယ်။ သူတို့ဆီက လွတ်ရင် Departure Form ဖြည့်ရတဲ့ ကောင်တာဘေးမှာ အလုပ်နဲ့ သွားတဲ့တချို့ကို လဖေ့ရည်ဖိုး တောင်းတာရှိတယ်။ သူတို့ဆီက လွတ်ပြန်ရင် လဝက အလှည့်ပဲ။ တရစ်ချင်းစီဆိုတော့ တကယ့် စိတ်ပျက်စရာ။” လို့ သူ့အတွေ့အကြုံကိုဝေမျှပါတယ်။
၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ နိုင်ငံပြင်ပထွက်သူတွေကို တင်းတင်းကျပ်ကျပ် စိစစ်တာတွေ ရှိလာခဲ့ပါတယ်။ အဲ့လို တင်းကြပ်မှုတွေကြောင့် ငွေကြေးများစွာ အကုန်အကျခံပြီး ပြည်ပကိုထွက်ခွာ အလုပ်လုပ်ဖို့ကြိုးစားနေကြသူတချို့ဟာ ထွက်ခွာခွင့်မရတာတွေ ကြုံခဲ့ ရပါတယ်။ ငွေရှင်တွေဆီကနေ အတိုးနဲ့ ငွေလှည့်ထားတဲ့မိသားစုတွေလည်း စိတ်ဓာတ်ကျဆင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲ့လို အခက်အခဲအကြပ်အတည်းကြားမှာ လေဆိပ်ကနေ ပြန်လွှတ်မခံရဖို့ VIP Pass ဝန်ဆောင်မှုတွေ ပေးတဲ့ လမ်းကြောင်းသစ်တခုကလည်း စစ်ကောင်စီ ရဲနဲ့ လဝက တို့ကြားမှာ ပေါ်ထွက်လာခဲ့ပါတယ်။ တယောက်ကို သိန်းဆယ်နဲ့ချီ ရတဲ့ အခုလို ခြစားတဲ့ လမ်းကြောင်းကနေတဆင့် လေဆိပ်မှာတာဝန်ကျတဲ့ လဝကနဲ့ ရဲဝန်ထမ်းတွေ လက်ဖျား ငွေသီးနေကြပါပြီ။ ပြည်တွင်းမှာ အဆင်မပြေလို့ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ကြိုးစားနေကြတဲ့ သူတွေဟာ အထွေထွေကုန်ကျစားရိတ်အပြင် ရန်ကုန်လေဆိပ်မှာ လာဘ်ထိုးရမယ့် VIP Pass အတွက် ကုန်ကျစားရိတ်ပါ ထပ်ဆောင်းကုန်ကျဖို့ အကြောင်းဖန်လာတာပါ။
“အားလုံးက အပူအမျိုးမျိုးနဲ့ ဒုက္ခအထွေထွေနဲ့ VIP Pass ကလေဆိပ်မှာတင်မဟုတ်ဘူး။ နယ်စပ်တွေမှာပါ ရှိနေတာပါ။ ကျတော်တို့လည်း လူမိုက်အားပေးမလုပ်ချင်ဘူး။ သို့သော်လည်း အဲ့လိုမလုပ်ပြန်ရင်လည်း ထွက်လို့မရဘူး။ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အားလုံးရင်းနှီး ပြင်ဆင်ပြီးမှ မထွက်ရရင် မထွက်ရတဲ့သူပဲ ဆုံးရှုံးရမှာပါ။ အဲ့တာကြောင့်လည်း သည်လမ်းကြောင်းကို ကျတော်တို့ ရွေးချယ်ဖို့ ဖြစ်လာခဲ့တာ” လို့ မြန်မာနိုင်ငံ ပြည်တွင်းမှာ နေထိုင်တဲ့ ခရီးသွားလုပ်ငန်းရှင်တဦးကဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကနေစပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ အဆိုးဆုံးကို ရောက်ရှိခဲ့ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု အပြင် အခြေခံစားသုံးကုန်စည်တွေ ဈေးတက်လာမှု၊ လုံခြုံရေးအရ စိတ်ချရမှုမရှိတဲ့အပြင် အခြေခံဝန်ဆောင်မှုတွေ အပြည့်အဝမရရှိတာတွေကြောင့် အကြပ်အတည်းမျိုးစုံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တနေ့တာကို ကြပ်ကြပ်တည်းတည်း ဖြတ်သန်းနေရချိန်မှာ ထွက်ပေါ်လာတဲ့ စစ်မှုထမ်းဥပဒေကြောင့် ပိုလာတဲ့ ဝန်ကို ဖြေရှင်းဖို့ကြိုးစားခြင်းကနေ လူငယ်တွေ နိုင်ငံကိုစွန့်ခွာဖို့ သေချာခဲ့ပါတယ်။ နိုင်ငံပြင်ပကို တရားဝင်ထွက်ခွာဖို့ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံကူးလက်မှတ် (Passport) ရှိရင်တောင် ထွက်ခွာခွင့်ရဖို့ မသေချာမှုတွေကနေ ကျော်လွှားနိုင်ဖို့ အဆင့်ဆင့်ပေးနေရတဲ့ ဆက်ကြေးတွေကြောင့် လူမှုဒုက္ခအသစ်ကို ထပ်ဆောင်းကြုံနေရပါတယ်။
ရန်ကုန်လေဆိပ်မှာ ဆက်ကြေးကောက်ခံနေရတာ မြန်မာနိုင်ငံသားတွေသာမက အာရှတိုက်ထဲက နိုင်ငံခြားသားတချို့ပါ ကြုံတွေ့နေရပါတယ်။ အဲ့လို ကိစ္စမျိုးနဲ့ပတ်သတ်ပြီး ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတယောက်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့ပါသေးတယ်။ ရန်ကုန်လေဆိပ် အဝင် ရဲတွေနဲ့ အထိုင်ချထားတဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတယောက်က ဂျပန်နိုင်ငံသားထံကနေ ပက်ဆံတောင်းခဲ့တဲ့ အကြောင်းကို ဝေမျှထားတာပါ။ အဲ့သည် ရုပ်သံဖိုင်ရဲ့အောက်မှာ လေဆိပ်က ရဲတွေ ၊ လဝကဝန်ထမ်းတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ကြပုံ၊ ပုံစံအမျိုးမျိုးနဲ့ ဆက်ကြေးတောင်းကြပုံတွေကို မျှဝေရင်ဖွင့်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင် စစ်တပ်နဲ့ရဲ အထိုင်ချထားတဲ့ ဂိတ်မှာ ပြည်ပထွက်ခွာကြမယ့် မြန်မာနိုင်ငံသားတွေဆီကနေ ပက်ဆံတောင်းနေတာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာခဲ့တာပါ။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာကျပ်ငွေ အနည်းဆုံး ၅၀၀၀ ကနေအထက်ကိုပြေစာပြန်မပြတဲ့ ဆက်ကြေးသဘော ကောက်ခံနေတာ ကာလအတော်ကြာပြီဖြစ်ပေမယ့် အစိုးရတာဝန်ကို သေနတ်ပြ ခြိမ်းခြောက် ရယူထားတဲ့ စစ်အစိုးရတာဝန်ရှိသူတွေဟာ ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ အချိန်ကြာလာတာနဲ့ အမျှ မဖြစ်မနေ ပေးရမယ့် ဆက်ကြေးများအဖြစ် တရားဝင်ဖြစ်မလာနိုင်ဘူးလို့ ပြောရမလိုဖြစ်နေပါပြီ။
