မင်းအောင်လှိုင် ရွေးချယ်ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ မြစ်ကြီးနား နေအိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မင်းအောင်လှိုင် ရွေးချယ်ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ မြစ်ကြီးနား နေအိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
ရန်ကုန်၊ ဇူလိုင် ၇
အကြမ်းဖက် မင်းအောင်လှိုင် မင်းအောင်လှိုင် ရွေးချယ်ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ မြစ်ကြီးနား နေအိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြစ်ကြီးနားမြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီကျော်ဝန်းကျင်အချိန် မြစ်ကြီးနာမြို့၊ စီတာပူရပ်ကွက်၊ နောင်ရာလမ်းရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ နေအိမ်သို့ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ပစ်ဗုံးမှာ ထင်းရှုးပင်အနီးသို့ ကျရောက်ခဲ့သဖြင့် ဒေါ်ဒွဲဘူနေအိမ်တွင် နေထိုင်သော ဒေါ်ဒွဲဘူ၏ ဆွေမျိုးသားချင်းများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“မြစ်ကြီးနား ဒေါ်ဒွဲဘူရဲ့ အိမ်မှာ သူ့သားသမီးချွေးမတွေ နေတယ်။ လူထိခိုက်မှုမရှိဘူး။ လက်ပစ်ဗုံး ပစ်ခံရပြီးတော့ စစ်ခွေးတွေ အများကြီးပဲ ချထားတယ်” ဟု မြစ်ကြီးနားမြို့မှ ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။
ဒေါ်ဒွဲဘူကို မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ဒွဲဘူသည် စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ) ၏ ခေါင်း ဆောင်တစ်ဦးဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။