မိုးဆက်ကြီးမည့် သတိပေးချက် MOHADM ထုတ်ပြန်
ဇူလိုင်-၇၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး မုတ်သုံလေ အားအလွန်ကောင်းနေ၍ မြန်မာနိုင်ငံတွင် မိုးဆက်ကြီးမည့် သတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထပ်မံသတိပေးသည်။
ယနေ့ ဇူလိုင် ၇ရက်မှ ဇူလိုင် ၁၃ရက်အတွင်း မြန်မာနိုင်ငံဒေသအများအပြား၌ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
လက်ရှိတွင် အထက်ပါဒေသများ၌ မိုးကောင်းနေပြီး ဇူလိုင် ပထမလပတ်ကလည်း မိုးကြီးခဲ့၍ ဒေသအချို့၌ ရေဘေးကြုံနေရသည်။ ပဲခူတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းဘေးမြို့နယ်များတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေသည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ပဲခူးမြစ်တို့လည်း မြစ်ရေမြင့်ထက်နေ၍ မြစ်ရေကြီးမည့် သတိပေးချက်ကိုပါ MOHADMက ထုတ်ပြန်ထားသည်။
ဇူလိုင်ပထမလပတ်က ရေဘေးတွင် တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် လောက်ကိုင်မြို့၌ ဒေသခံလေးဦးသေဆုံးခဲ့သည်။
ပြီးခဲ့သည့်ဇွန်လကုန်ကလည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် မိုးကြီးခဲ့သည်။ မေလနောက်ဆုံးပတ်ကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းသည် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့ပြီး မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။ ထို့ကြောင့် မိုးရာသီကာလ သုံးလဆက် ရေဘေးကြုံတွေ့ခြင်းဖြစ်သည်။