စစ်တပ်မှ ထွက်​ပြေးခြင်း၊ စစ်တပ်ကို ပုန်ကန်တိုက်ခိုက်ခြင်းများ မဖြစ်ပေါ်စေရေး စစ်မှုထမ်းတပ်သားသစ်များ၏ နောက် ကြောင်း ရာဇဝင်ကို အဆင့်ဆင့် စိစစ်ကြပ်မတ်ကြရန် စစ်ကောင်စီက ညွှန်ကြား

စစ်တပ်မှ ထွက်​ပြေးခြင်း၊ စစ်တပ်ကို ပုန်ကန်တိုက်ခိုက်ခြင်းများ မဖြစ်ပေါ်စေရေး စစ်မှုထမ်းတပ်သားသစ်များ၏ နောက် ကြောင်း ရာဇဝင်ကို အဆင့်ဆင့် စိစစ်ကြပ်မတ်ကြရန် စစ်ကောင်စီက ညွှန်ကြား
ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်များကို အတင်းအကျပ် အဓမ္မ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခေါ်ယူနေသော စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များ တပ်မှ ထွက်ပြေးခြင်း၊ ပုန်ကုန်တိုက်ခိုက်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် စစ်မှုထမ်းတပ်သားသစ် လူငယ်များ၏ နောက်ကြောင်းရာဇဝင်များကို အဆင့်ဆင့် စိစစ်ကြပ်မတ်ကြရန် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေး ၂/၂၀၂၅ က ထိုသို့ ညွှန်ကြားလာခြင်းဖြစ်ပြီး အဓိက အားဖြင့် စစ်မှုထမ်းတပ်သားသစ်တချို့က စစ်တပ်အရာရှိအချို့ကို ပုန်ကန်ပစ်ခတ်သော ဖြစ်စဉ်တချို့ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် စစ်မှုထမ်းတပ်သားသစ်များက စုဖွဲ့၍ ထွက်ပြေးခြင်းများလည်း များပြားလာခြင်းကြောင့် ယင်းကဲ့သို့ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို အတင်းအကျပ် ခေါ်ယူရာတွင် နောက်ကြောင်းရာဇဝင်ကို စိစစ်ခြင်းမရှိဘဲ အဓိက အသက်အရွယ်နှင့် ကျန်းမာရေးကောင်းမွန်မှုကိုသာ အဓိကထား၍ ဆင့်ခေါ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကြောင့် စစ်တပ်ကို မလိုလား နိုင်ငံရေး နောက်ခံသမိုင်းကြောင်းရှိသော မိသားစု အသိုင်းအ၀ိုင်းမှ လူငယ်တချို့၊ NLD ပါတီနှင့် ပတ်သက်ဆက်နွယ်နေသူများ အပါအဝင် စစ်တပ်ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်သော အသိုင်းအ၀ိုင်းမှ လူငယ်များ ပါဝင်လာကြောင်း၊ ထို့ကြောင့် တပ်ပြေးခြင်းနှင့် တပ်ကို ပုန်ကုန်တိုက်ခိုက်သော ဖြစ်စဉ်တချို့ ဖြစ်ပွားလာကြောင်း သိရှိရသည်။
ထို့ကြောင့် စစ်မှုထမ်းတပ်သားသစ်များ ဆင့်ခေါ်ရာတွင် လူရရှိရေး တစ်ခုတည်းကို ဦးစားမပေးတော့ဘဲ အဆင့် ဆင့် စနစ်တကျ သေချာစွာ စိစစ် ကြပ်မတ်၍ ခေါ်ယူရန်၊ တိုင်းစစ်ဌာနချုပ်များကလည်း စိစစ်ကြပ်မတ် ခေါ်ယူရမည်ဖြစ်သကဲ့သို့ ပြည်နယ်/တိုင်းစစ်ကောင်စီဝန်ကြီးချုပ်များကလည်း စစ်မှုထမ်းများ၏ နောက်ကြောင်းရာဇဝင်များ၊ ဆင့်ခေါ်ရေးနှင့်ပတ်သက်၍ စိစစ်ကြပ်မတ်ပေးသွားရန် လိုအပ်သည်ဟု စစ်ကောင်စီက ညွှန်ကြားလာကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ဖြင့် စစ်မှုထမ်းများကို မှတ်ပုံစာရင်းသွင်းပြီး စစ်မှုထမ်းရမည့်သူများ၊ ကင်းလွတ်/ လျှော့ပေါ့/ ရွှေ့ဆိုင်းခွင့်သူများကို မှတ်တမ်းတင်ထားရန်၊ စစ်မှုထမ်းရန် ယာယီ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများကို စနစ်တကျမှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ စစ်မှုထမ်းရန် တိမ်းရှောင်သွားသူများကိုလည်း ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်ရန် ထပ်မံ ညွှန်ကြားလာကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်လာရာ ယခု ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စစ်မှုထမ်းအပတ်စဉ် ၁၅ ကို ဖွင့်လှစ်တော့မည်ဖြစ်သည်။