စစ်ကောင်စီက နောင်ချိုကို စစ်အင်အား ၇,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး MLRS အတွဲလိုက်ပစ် ဒုံးလောင်ချာများပါ အသုံးပြုနေ

စစ်ကောင်စီက နောင်ချိုကို စစ်အင်အား ၇,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး MLRS အတွဲလိုက်ပစ် ဒုံးလောင်ချာများပါ အသုံးပြုနေ
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၆ ရက်

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်အင်အား ၇,၀၀၀ ကျော် အသုံးပြုနေသည့်အပြင် ခြေလျင်၊ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများအပြင် အတွဲလိုက်ပစ် ဒုံးလောင်ချာ (Multiple Launch Rocket Systems – MLRS) များကိုပါ စတင်အသုံးပြုနေကြောင်း သိရသည်။
တောင်ခမ်း-နောင်-နောင်ချို စစ်မြေပြင်သို့ သွားရောက်ခဲ့သည့် ကစထ ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၏ မှတ်တမ်းဓာတ်ပုံအချို့တွင် စစ်ဘက်ထုတ်လုပ်ရေး (ကပစ) က ထုတ်လုပ်သည့် MAN-02 240 mm MLRS အတွဲလိုက်ပစ် ဒုံးလောင်ချာယာဉ်တစ်စီး ကိုပါ တွေ့မြင်ခဲ့ရကြောင်း “မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute – MDSI)” က ဖော်ပြထားသည်။
MDSI ၏ ထုတ်ပြန်ချက်အရ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့် နောင်ချိုရှေ့တန်း စစ်မြေပြင်တွင် အဆိုပါ လက်နက်ကြီးပစ်ကူ ဒုံးတပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါဒုံးလောင်ချာကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။
ယခင်က ကပစထုတ် MAN-02 240 mm MLRS များသည် ၂၀၁၃ ခုနှစ် မိတ္ထီလာ မုန်တိုင်စက်ပစ်ကွင်းတွင် လေ့ကျင့်ပစ်ခတ်ခြင်းမှလွဲ၍ နည်းပညာအားနည်းချက်နှင့် လက်နက်စနစ် ကန့်သတ်ချက်များကြောင့် စစ်မြေပြင်တွင် အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
သို့ရာတွင် နောင်ချိုတန်ပြန်ထိုးစစ်တွင် စစ်ကောင်စီက အဆိုပါအတွဲလိုက်ပစ်ဒုံးယာဉ်ကို စတင်အသုံးပြု နေပြီဖြစ်ကြောင်း စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အရေအတွက် များအရ သိရသည်။
နောင်ချိုတွင် စစ်ကောင်စီအသုံးပြုနေသည့် အတွဲလိုက်ပစ်ဒုံးယာဉ်မှာ မြောက်ကိုရီးယားနည်းပညာဖြင့် ကပစ ၁၀ တွင် တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆိုပါဒုံးသီးတွင် ခွင်းကျည်၊ ခွင်းဖောက်ကျည်၊ မီးလောင်ခွင်းကျည်၊ ပဒေသာဆင့်ကွဲကျည် ထိပ်ဖူးများ တပ်ဆင်အသုံးပြုနိုင်ကြောင်း သိရသည်။
ယင်း MLRS စနစ်သည် တပ်မအဆင့် ပစ်ကူပေးလက်နက်စနစ်ဖြစ်ပြီး ဧရိယာပစ်မှတ်များကို ပစ်ခတ်ချေမှုန်းနိုင်ကာ ရန်သူတပ်ဖွဲ့များ၊ ထောက်ပံ့စခန်းနေရာများ၊ လက်နက်ကြီးအခြေပြုနေရာများနှင့် အမိန့်ပေးကွပ်ကဲမှုဌာနများကို ချေမှုန်းတိုက်ခိုက်နိုင်သည်ဟု ဖော်ပြထားသည်။
MDSI က စစ်ကောင်စီအနေဖြင့် နည်းပညာအသုံးပြု၍ ဗျူဟာများ ပြောင်းလဲလုပ်ဆောင်လာသည့် အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်နည်းဗျူဟာအပြောင်းအလဲကို စနစ်တကျလေ့လာ သုံးသပ်ရန် အကြံပြုထားသည်။ ထို့ပြင် နောက်တန်းအခြေပြု လက်နက်ကြီးအထိုင်နေရာများကို ထိုးဖောက်ချေမှုန်းနိုင်သည့် တန်ပြန်နည်းစနစ်ဗျူဟာများကို ဖော်ဆောင်နိုင်ရန်လည်း တိုက်တွန်း ထားသည်။
လက်ရှိတွင် စစ်ကောင်စီက နောင်ချိုတိုက်စစ်အတွက် တောင်ခမ်းတွင် စစ်အင်အား ၆,၀၀၀ နီးပါး နှင့် အုမ္မတီးဘက်တွင် စစ်အင်အား ၁,၀၀၀ ဝန်းကျင် ကို အသုံးပြုထားသည်။ ယခုထပ်မံပို့ဆောင်သည့် စစ်ကြောင်းပါ မြေပြင်တွင် စုဖွဲ့သွားနိုင်ပါက စုစုပေါင်းအင်အား ၇,၀၀၀ ကျော် ဖြင့် နောင်ချိုကို ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက တောင်ခမ်းရှိ အမြောက်တပ်ရင်းလေးရင်းနှင့် တိမ်ပင်လယ်တွင်ရှိသည့် လက်နက်ကြီး စခန်းတို့ကို ခြေကုပ်ယူပြီး နောင်ချိုမြို့ကို ပြန်လည်ရယူရန် တိုက်စစ်ဆင်လာခြင်း ဖြစ်သည်။
#နောင်ချို #စစ်ကောင်စီ #အင်အား #၇၀၀၀ကျော် #အတွဲလိုက်ပစ် #ဒုံးလောင်ချာ #အသုံးပြု #တိုက်ခိုက် #Ayeyarwaddy_Times