KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေ
ဝေါလေဗျူဟာကိုစတင်ထိုးစစ်ဆင်
ဇူလိုင်-၂၊၂၀၂၅၊/People’s Spring
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” မနေ့ကစတိုက်ပြီ။မြေပြင်ထိုးစစ်စတာ။စိတ်ရှည်
ရှည်နဲ့ သည်းခံစောင့်ပေးပါ။ မကြာခင် ရမှာပါ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့(ဇူလိုင် ၂ရက်) ညပိုင်းမှာ ပြောပါတယ်။
ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ အဲဒီ ဝေါ်လေဗျူဟာကုန်းနဲ့ လက်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။
ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး စစ်တပ်စခန်းဟာ ဥကရစ်ထရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာ တည်
ရှိပါတယ်။
ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်မှာ နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စတင်ပိတ်ဆို့ခဲ့ပါတယ်။ လက်တလောမှာတော့ မြေပြင်ထိုးစစ်မစသေးဘူးလို့ စုံစမ်းသိရပါတယ်။
လက်တလောမှာကရင်အမျိုးသားအစည်းအရုံး
(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေး
တပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်
ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ -ထိုင်း နယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်တွေကို ဆက်တိုက်တိုက်ခိုက် သိမ်း
ပိုက်နေတာဖြစ်ပါတယ်။
KNU တပ်မဟာ(၆)နယ်မြေမှာ စစ်ကောင်စီရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ မေလ ၂၃ရက်နောက်ပိုင်း ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိမှာ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာ ဥကရစ်ထစခန်း၊ဝေါ်လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်း သုံးခုပဲ ကျန်ရှိနေပါတယ်။
တော်လှန်ရေးတပ်တွေဟာ ၂၀၂၃ မေလကလည်း ဝေါ်လေဗျူဟာကုန်းကို တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
(မြန်မာ-ထိုင်းနယ်စပ် ၊မြဝတီမြို့တောင်ဘက်မှာ
စစ်တပ်ရဲ့နောက်ဆုံးစခန်း ၃ ခုဖြစ်တဲ့ ဝေါ်လေဗျူဟာ ၊ဥကရစ်ထစခန်း နဲ့ တီသဲလယ်ကာကင်းစခန်းတို့ကို Google Earth မှာတွေ့ရပုံ)
